မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်မားနေ
2023.06.28

ကမ္ဘာတစ်ဝန်း ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ အရေးပေါ်ရန်ပုံငွေတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထပ်မံသတိပေး လိုက်ပါတယ်။
၂ဝ၂၃ ခုနှစ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၄.၈ ဘီလီယံလိုနေပေမဲ့ အဲဒီပမာဏာရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရှိသူ Farhan Haq က သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။
လက်ရှိအကျပ်အတည်းရင်ဆိုင်နေရတဲ့ မြန်မာ၊ ဘာခီနာဖာဆို၊ ကွန်ဂို၊ ဗင်နီဇွဲလား၊ ဆိုမာလီယားနဲ့ အာဖဂန်နိုင်ငံတွေမှာဆိုရင် အကူအညီမလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ သူကပြောပါတယ်။
ကမ္ဘာတစ်ဝန်း အကူအညီလိုနေသူ အရေအတွက် တိုးတိုးလာနေပြီး၊ ပြီးခဲ့တဲ့နှစ်က လူပေါင်း ၃၄၉ သန်း အကူအညီလိုနေရာကနေ အခုနှစ်မှာ လူပေါင်း ၃၆၂ သန်းထိ ဖြစ်လာနေပြီလို့ဆိုပါတယ်။
ဒီအရေအတွက်ကိုကြည့်ရင် ကမ္ဘာပေါ်က လူ ၂၂ ယောက်မှာ တစ်ယောက်နှုန်း လူသားချင်းစာနာမှု အကူအညီတွေ လိုနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အလှူရှင်တွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ်တွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့လည်း ကုလသမဂ္ဂက ပန်ကြားထားပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၁.၅ သန်းကျော် ရှိပါတယ်။