စစ်ကောင်စီကို ပိုမိုထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တွမ်အင်ဒရူးတိုက်တွန်း

RFA Burmese
2023.10.24
စစ်ကောင်စီကို ပိုမိုထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တွမ်အင်ဒရူးတိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Dita Alangkara/AP

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်လာအောင်လုပ်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို အင်အားချိနဲ့သွားစေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ လေယာဉ်ဆီတင်သွင်းတာတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာအပါအဝင် ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေကို ညှိနှိုင်းလုပ်ဆောင်ရမဲ့အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး က တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးအတွင်း တင်သွင်းတဲ့ အစီရင်ခံစာမှာ တွမ်အင်ဒရူး က ထည့်သွင်းပြောကြားလိုက်တာပါ။

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မစေခိုင်းမှု၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကို အဓိကထား တင်ပြသွားပါတယ်။

စစ်ကောင်စီဟာ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး ဗုံးကြဲတိုက်ခိုက်နေသလို မြန်မာနိုင်ငံနယ်စပ်မှာ ထွန်းကားနေတဲ့ လိမ်လည်မှုလုပ်ငန်းတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ သူတွေလည်း သားကောင်ဖြစ်နေရတယ်လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်း စစ်တပ်က ဟန့်တားထားတဲ့အတွက် အခြေအနေတွေကို ပိုဆိုးဝါးစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက မှီခိုအားထားနေရတဲ့ အဓိကဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ လေယာဥ်လောင်စာဆီရရှိမှုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာရာရစေပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်တွန်းပို့နိုင်မှာဖြစ်တယ်လို့လည်း တွမ်အင်ဒရူးစ်က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။