မြန်မာ့လူ့အခွင့်အရေး အလျင်အမြန်ယိုယွင်းလာမှု ကုလသမဂ္ဂအဖွဲ့အစည်းတွေ စိုးရိမ်

2021.06.17
မြန်မာ့လူ့အခွင့်အရေး အလျင်အမြန်ယိုယွင်းလာမှု ကုလသမဂ္ဂအဖွဲ့အစည်းတွေ စိုးရိမ် ဂျီနီဗာမှာ လွှင့်တင်ထားတဲ့ ကုလသမဂ္ဂအလံ။
Photo: Reuters

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူ့အခွင့်အရေးဆိုင်ရာအခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာနေတာကို ပြနေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူ ၂၅ ဦးရဲ့ ရုပ်ကြွင်းတွေကို မြှုပ်နှံထားတဲ့ နေရာနှစ်ခုတွေ့ရှိတဲ့သတင်းကို ဥပမာပေးထားပြီး အသတ်ခံရသူတွေဟာ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO က မေလ ၃၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဖြစ်ရပ်တခုကတော့ ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာက လူနေအိမ်ပေါင်း ၁၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လက်ရှိအကျပ်အတည်းမှာ ပါဝင်ပတ်သက်နေသူများ အားလုံးအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်ကြဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လိုက်နာမှုဆိုရာမှာ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်စဉ်အတွင်း အရပ်သားတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေကို ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့နဲ့ ရပ်ရွာလူထုတွေ၊ မိသားစုဝင်တွေနဲ့ တခြား လူပုဂ္ဂိုလ်တွေအပေါ် သိမ်းကျုံးရောနှောပြီး အပြစ်ပေးတာတွေကို မပြုလုပ်ဖို့တွေ ပါဝင်တယ်လို့ ထောက်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအပါအဝင် တာဝန်ရှိသူအားလုံး တာဝန်ခံမှုရှိစေဖို့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့တွေက တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်ပြီးဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။