စစ်ကောင်စီကိုလက်နက်ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ဖို့ ကုလကို ဦးကျော်မိုးထွန်း တောင်းဆို
2024.04.03

မြန်မာစစ်တပ်ရဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေဖို့ စစ်ကောင်စီကို လက်နက်ရောင်းချမှုအားလုံး တားဆီးပိတ်ပင်ဖို့ ကုလသမဂ္ဂမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ ဧပြီလ ၂ ရက်နေ့ အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ အချို့သောနိုင်ငံတွေက တင်သွင်းတဲ့ တိုက်လေယာဉ်၊ လက်နက်ခဲယမ်း၊ အမြောက်၊ လက်နက်ကြီးတွေနဲ့ ဆက်စပ်နည်းပညာတွေကို အသုံးပြုပြီး အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်းနဲ့ ပြည်သူတွေဟာ ဆိုးရွားလွန်းတဲ့ ဒုက္ခဆင်းရဲတွေကို ခံစားနေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။
ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ ၂၀၂၄ ခုနှစ်အစည်းအဝေးကို ဧပြီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေတာဖြစ်ပါတယ်။