အကူအညီတွေ တားဆီးပိတ်ပင်တာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလပြောကြား

RFA Burmese
2023.06.30
အကူအညီတွေ တားဆီးပိတ်ပင်တာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလပြောကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များ။
KNU

မြန်မာပြည်က ဒုက္ခသည်တွေရဲ့ အသက်ကယ်ဆယ်ရေးအတွက် ပေးပို့တဲ့အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက ကန့်သတ်တားဆီးနေတာဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၃ဝ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီဟာ နှိမ့်ချဆက်ဆံတာ၊ ငတ်မွတ်ခေါင်းပါးစေတာနဲ့ စုပေါင်းပြစ်ဒဏ်ပေးတာတွေကို ပြုလုပ်နေပြီး ဆေးရုံဆေးခန်းတွေကို ဖျက်ဆီးတာ၊ စျေးဆိုင်တွေကို မီးရှို့တာ၊ ရေတွင်းရေကန်တွေကို ဖျက်ဆီးတာ၊ မိမိရပ်ရွာဒေသကို ပြန်ပြီး စားစရာလာရှာတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစုအပြုံလိုက်သတ်ဖြတ်တာတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်း ၄၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ အခုလို လူသားချင်းစာနာမှု အကူအညီတွေ မပေးပို့နိုင်အောင် ဟန့်တားနေတာတွေဟာ စစ်ရာဇဝတ်မှု ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခု ၂ဝ၂၃ ခုနစ် ဧပြီလအထိ မြန်မာစစ်တပ်အပြင် စစ်တပ်နဲ့ ဆက်နွယ်တဲ့အဖွဲ့အစည်းတွေရဲ့ လက်ထဲမှာ ပြည်သူ ၃၅ဝဝ နီးပါး သေဆုံးခဲ့ရပြီး နှစ်သောင်း နှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ကုလအစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုလို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော မရရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။