ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ရုံးခွဲ ဖွင့်ခွင့်ပေးသင့်


2013.03.05
kohtaykway_305.jpg ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့တွင် လူ့အခွင့်အရေး ညီလာခံတက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို တွေ့ရစဉ်
photo: 88 facebook

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ လူ့အခွင့်အရေး ညီလာခံတက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာရုံးခွဲ ဖွင့်ခွင့်ပေးသင့်ကြောင်း ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကုလသမဂ္ဂရဲ့ ၂၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံအတွင်း နိုင်ငံပေါင်း ၂၀ ကျော်က ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ အဲဒီလို တိုက်တွန်းပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ရုံးခွဲဖွင့်လှစ်ခွင့်ကို မြန်မာအစိုးရက ခွင့်ပြုမယ်ဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ သိသိသာသာ အားကောင်းလာမယ်လို့ ထင်မြင်ကြောင်းလည်း ကိုဌေးကြွယ်က ပြောပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်ကနေ မတ်လ ၂၂ ရက်ဝန်းကျင်အထိကျင်းပတဲ့ လူ့အခွင့်အရေးညီလာခံကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကိုယ်စား ကိုဌေးကြွယ်၊ ထိုင်းနိုင်ငံအခြေစိုက် Burma Partnership မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တာဝန်ခံ မခင်ဥမ္မာနဲ့၊ ကချင်အမျိုးသမီးအဖွဲ့က မ Jessica တို့ တက်ရောက်နေကြတာပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အစိုးရနဲ့ အပေါ်ပိုင်းမှာ မူဝါဒရေးရာတွေမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျတဲ့ အောက်ခြေမှာ ပြောင်းလဲမှုမရှိသေးကြောင်း၊ တိုင်းရင်းသားဒေသတစ်ချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးကြောင်း အဲဒါကြောင့် တိုးတက်ပြောင်းလဲမှုအခြေအနေကို စောင့်ကြည့်လေ့လာဖို့အတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဆက်လက်ထားရှိသင့်သေးကြောင်းလည်းပြောပါတယ်။

အနောက်နိုင်ငံကြီးတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုရှိမရှိကို စောင့်ကြည့်နေတာ တွေ့ရကြောင်း အဲဒီလိုတိုးတက်မှုတွေရှိလာမှသာ အစိုးရကဖိတ်ခေါ်ထားတဲ့ အနောက်နိုင်ငံက  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“တာဝန်ခံဖို့ တာဝန်ယူမှုအပြည့်နဲ့ဝင်ချင်တဲ့ investment မျိုးတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးဆိုင်ရာ ပုံရိပ်တွေ တိုးမြှင့်နိုင်ဖို့ လိုအပ်ပါတယ်၊ ဒီနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးနိုင်ခွင့်ကအစ တရားဥပဒေပိုင်းဆိုင်ရာ ကျင့်ထုံးတွေမှာလည်း တရားဥပဒေအတိုင်းကို တကယ်တန်းလိုက်နာကျင့်သုံးတဲ့ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုဖြစ်မှသာ သူတို့ကုမ္ပဏီတွေဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုပုံရိပ်ဟာ ပိုပြီးတော့ သေချာမှာဖြစ်တဲ့အတွက် ဒီလူ့အခွင့်အရေး အခန်းကဏ္ဍကိုပါထည့်ပြီးတော့ အကဲဖြတ်နေတယ်ဆိုတာ ကျနော်တို့တွေ့ရပါတယ်”

ဒီနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်မယ့် အစီရင်ခံစာမှာ  မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အရေးကြီးတဲ့အစီရင်ခံစာ ဖြစ်တာကြောင့် အစိုးရနဲ့ ပါတီအဖွဲ့အစည်းအားလုံးက အလေးအနက်ထားစေလိုကြောင်းလည်း ကိုဌေးကြွယ်က ပြောပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို RFA  ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။