မြန်မာစစ်တပ်အပေါ် ဖိအားပိုပေးဖို့ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ချိန်မှာ အာဏာသိမ်း စစ်တပ်က ကိုယ့်ပြည်သူအပေါ် တိုက်ခိုက်မှုတွေကျူးလွန်နေတာ ရပ်တန့်ဖို့နဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲဖို့ စစ်ကောင်စီကို နိုင်ငံတကာက တိုးမြှင့်ဖိအားပေးကြဖို့ ကုလလူ့အခွင့်အရေးကော်မရှင် အကြီးအကဲ မီရှဲလ်ဘက်ချလက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အခုအချိန်မှာ မြန်မာစစ်တပ်က အာဏာသိမ်းထားတာနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဘယ်သူမဆို ဆန့်ကျင်ရှတ်ချနေကြပေမဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ဖိအားပေးမှုတွေကတော့ ထိရောက်မှုမ ရှိဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းရဲ့ အတိုင်းအတာနဲ့အညီ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်ရဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တဲ့သူတွေကို တာဝန်ခံခိုင်းဖို့ အရေးတကြီးနဲ့ အားသစ်လောင်းပြီး လုပ်ဆောင်ရမယ့် အချိန်ရောက်နေပါပြီ လို့ မီရှဲလ်ဘက်ချလက်က ပြောပါတယ်။
မြန်မာနိုင်ငံထဲကို လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ခွင့်ပေးဖို့အတွက် စစ်ခေါင်းဆောင်တွေကို ဖိအားပေးတောင်းဆိုရာမှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံတို့ဟာ လုံလောက်တဲ့ ကြိုးပမ်းအားထုတ်မှုမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
မီရှဲလ်ဘက်ချလက်က မြန်မာနိုင်ငံက အရပ်ဘက်လွတ်လပ်ခွင့်တက်ကြွလှုပ်ရှားသူတွေနဲ့ စကားပြောခဲ့ရာမှာ သူတို့အားလုံးဟာ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို မစွန့်ခွာသွားဖို့ တောင်းဆိုခဲ့ကြတဲ့ အကြောင်း၊ ဒေသတွင်းနဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးဟာ ဒီတောင်းဆိုချက်ကို နားထောင်ကြဖို့လိုတယ်လို့လည်း ပြောသွားပါတယ်။