ကုလသမဂ္ဂဟာ ဂုဏ်သရေညှိုးနွမ်းအောင် လုပ်နေတာလို့ စစ်ကောင်စီဝေဖန်

ကုလသမဂ္ဂ တတိယကော်မတီအစည်းအဝေးက ဆွေးနွေးချက်တွေဟာ ဂုဏ်သရေ ညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက် နဲ့ ၂၆ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးချက်တွေဟာ ကုလသမဂ္ဂရဲ့ ဘက်မလိုက်ဘဲ ပညာရှင်ဆန်တဲ့ ကိုယ်ပိုင်ဝိသေသ လက္ခဏာတွေကို ကိုယ်တိုင်ဖျက်ဆီးသလိုဖြစ်တယ်လို့ စစ်ကောင်စီက ဝေဖန်ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews တို့ရဲ့ မြန်မာ့အရေး အစီရင်ခံစာတွေကို တတိယကော်မတီ အစည်းအဝေးအတွင်း အပြန်အလှန်ဆွေးနွေးမှု လုပ်ခဲ့တာပါ။
နိုလင်းဟေဇာက စစ်ကောင်စီတပ်ဟာ စစ်ဆင်ရေးတွေမှာ စစ်အင်အား အလွန်အမင်း အသုံးပြုနေပြီး အဲဒီအထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သား နေအိမ်အဆောက်အအုံတွေကို မီးရှို့တာနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေ ကို သတ်ဖြတ်တာတွေလည်း ပါဝင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အလားတူ Thomas Andrews ကလည်း မြန်မာနိုင်ငံမှာ အခြေအနေတွေ တစ်စထက် တစ်စ ပိုဆိုးလာနေပြီး ကမ္ဘာနိုင်ငံ အစိုးရတွေအနေနဲ့ အချိန်မီတုံ့ပြန်ဆောင်ရွက်မှုမရှိရင် ပိုဆိုးတဲ့သတင်းတွေ ကြားရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုအချိန်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာ ဖြစ်လာနေတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ဒီအစီရင်ခံစာတွေဟာ အပြုသဘောမဆောင်ဘဲ အပျက်သဘော ဆောင်တယ်လို့ တုံ့ပြန်ထားပါတယ်။ဒီအစီရင်ခံစာတွေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု တရားဝင်ကိုယ်စားလှယ်တွေ ပါဝင်မှုမရှိတဲ့ အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ နိုင်ငံအချို့ရဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးစွက်ဖက် ပြောကြားချက်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။