မြန်မာပြည် နှစ်သစ်မှာ အပစ်ရပ်ကြဖို့ ကုလ အထူးကိုယ်စားလှယ်သစ် တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာကို အထူးပဲ စိုးရိမ်ပူပန်ရပြီး မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေအကြား နှစ်သစ်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်အသစ် နိုလင်းဟေဇာက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကရင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ပြီးမြင့်တက်နေတာကို အထူး စိုးရိမ်နေပြီး တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေး ဖို့ခွင့်ပြုဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ မစ္စ ဟေဇာက ပြောပါတယ်။
စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလအတွင်း ရေးမှူးချုပ်က အောက်တိုဘာလမှာ ခန့်အပ်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံသူ ခရစ္စတင်း ဘာဂနာနေရာမှာ အစားထိုး ခဲ့တာပါ။ နေပြည်တော်မှာရှိတဲ့ ကုလဆိုင်ရာအထူးကိုယ်စား လှယ်ရုံးကို စစ်ကောင်စီက ဆက်ပြီးဖွင့်ခွင့် မပေး တော့ဘူးလို့ နိုင်ငံပိုင်သတင်းတွေမှာ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။ အခု ကုလအထူးကိုယ်စားလှယ် အသစ် နိုလင်းဟေဇာကို မြန်မာနိုင်ငံ လာခွင့်ပေး၊ မပေးနဲ့ သူ့အတွက် ရုံးကိုဖွင့်ခွင့် ပေး၊ မပေးဆိုတာကို စစ်ကောင်စီဘက်က ပြောဆိုတာ မရှိသေးပါဘူး။