ကုလအထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

2022.08.23
ကုလအထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ သွားရောက်ခဲ့စဉ်။
Photo: AFP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ အဖွဲ့ဝင်လေးဦးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သြဂုတ်လ ၂၃ ရက် အင်္ဂါနေ့က သွားရောက်ခဲ့ပါတယ်။

မစ္စ နိုလင်းဟေဇာဟာ ဥခိယ ကုတုပါလောင်ဒုက္ခသည်စခန်းကို အရင်ဆုံး သွားရောက်ခဲ့ပြီး အဲဒီနောက် အမှတ် (၄) ကုတုပါလောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။

သွားရောက်စဉ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM တို့ရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုအခြေအနေတွေကို ကြည့်ရှုမေးမြန်းခဲ့ပါတယ်။ ဒါ့ပြင် စခန်းတွင်းက ရိုဟင်ဂျာအမျိုးသမီးတွေ၊ လူငယ် ကိုယ်စားလှယ်တွေ၊ ဘာသာရေး ကိုယ်စားလှယ်တွေနဲ့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

မစ္စ နိုလင်းဟေဇာ ဟာ ဗုဒ္ဓဟူးနေ့မနက်မှာ ဒုက္ခသည်ကူညီရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို အလုံးအရင်းနဲ့ ထွက်ပြေးဝင်ရောက်ခဲ့ကြတာ ငါးနှစ်ပြည့် မတိုင်ခင် ပေါ်ပေါက်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးခဲ့ကြပါတယ်။ ဒီအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မြောက်မမြောက် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။