မြန်မာပြည်သူတွေကို လက်တွေ့ ဂရုစိုက်ကြဖို့ UN လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

2021.10.23
မြန်မာပြည်သူတွေကို လက်တွေ့ ဂရုစိုက်ကြဖို့ UN လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိတ်ချ် အင်ဒရူး (Thomas H.Andrews) ကို တွေ့ရစဉ်
Photo: UN Geneva

မြန်မာပြည်သူတွေကို ကုလသမဂ္ဂက တကယ်ဂရုစိုက်တယ်ဆိုရင် စကားလုံးတွေထက် လက်တွေ့ပြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိတ်ချ် အင်ဒရူး (Thomas H.Andrews) က အောက်တိုဘာ ၂၂ ရက်နေ့၊ အမေရိကန်စံတော်ချိန် နေ့လည် ၃ နာရီမှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေး၊ လက်နက်၊ တရားဝင်မှု စတဲ့ အချက်သုံးချက်ကို နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အဓိကပစ်မှတ်ထား ဆောင်ရွက်တာက အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

အာဆီယံ အထူးအစည်းအဝေး ဆုံးဖြတ်ချက်က စစ်ကောင်စီရဲ့ တရားဝင်မှု လိုအပ်ချက်ကို ထိခိုက်စေပြီး အဲဒီ နောက်မှာ လူ ၅,၀၀၀ ကို လွတ်ငြိမ်းခွင့်ပေးဖို့ ထုတ်ပြန်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြန်လွှတ်ပြီးနောက်ပိုင်း ပြန်လည်ဖမ်းဆီးခံရတာတွေ ရှိပေမယ့် ဒီလို လွတ်ငြိမ်းခွင့်ပေးတာဟာ နိုင်ငံတကာ ဖိအားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီကို လက်နက်တင်မက စစ်ဘက်၊ အရပ်ဘက်သုံး နည်းပညာတွေ လွှဲပြောင်း မရောင်းချဖို့၊ လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေကို စည်းရုံးဖြောင်းဖျဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ဖို့လည်း လိုအပ်ပြီး အဓိကဝင်ငွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူဖို့ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းပေါင်း ရာနဲ့ချီက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မလိုလားကြတဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို အခွန်အခတွေ မပေးဆောင်တာ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေဆီက ထုတ်ကုန်တွေ မဝယ်ယူတာ စတာတွေနဲ့ စီးပွားရေးအရ ဒဏ်ခတ် နေပြီး အဲဒီအတွက် ဒေါ်လာ တစ်ဘီလီယံအထိ ထိခိုက်နစ်နာနိုင်ခြေရှိတယ်လို့ သူက ပြောခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။