တာဝန်ယူမှုနဲ့ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှု အရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ပြောကြား
2018.10.21

တာဝန်ယူမှုတာဝန်ခံမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ မဏ္ဍိုင် ၂ ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံစကားပြောဆွေးနွေးဖြစ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေး အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စရှရနာ ဘာဂနာက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၁ဝ ရက်ကနေ ၂ဝ ရက်နေ့အထိ ၁ဝ ရက်ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မစ္စဘာဂနာဟာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အရာရှိတွေ၊ အစိုးရအရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂနဲ့ သံတမန်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေမှာ အရပ်ဖက်စစ်ဖက်အဖွဲ့တွေကို တွေ့ဆုံခဲ့ပြီး အထူးသဖြင့် ထိခိုက် နစ်နာရတဲ့ အမျိုးသမီးတွေကိုပါ တွေ့ဆုံခဲ့ကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ ဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ အကောင်ထည်ဖော်နေတာကို သတိထားမိသလို တဖက်မှာလည်း ရခိုင်ပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ လုံးဝဝင်ရောက်လေ့လာအကဲဖြတ်ခွင့်ရရှိရေး အရေးပေါ်လိုအပ်နေကြောင်း လည်း ပြောကြားပါတယ်။
IDP စခန်းတွေကို ပိတ်ပင်လိုက်ရုံနဲ့ လုံလောက်မှုမရှိဘဲ သူတို့အတွက် လူ့အခွင့်အရေးအပြည့်အဝရဖို့၊ ပညာရေး ကျန်းမာရေး တန်းတူရဖို့၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရဖို့နဲ့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့ဟာလည်း အရေးကြီးကြောင်း၊ ဒီလိုဆောင်ရွက်ချက်ဟာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာစေဖို့ အကောင်း ဆုံးဆွဲဆောင်မှုဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်း သတင်းစာလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးအပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပတ်သက်လို့လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအနေနဲ့ လူမျိုးဘာသာ ကျားမခွဲခြားဆက်ဆံမှုကို လုံးဝသည်းမခံတဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ သူမနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိတဲ့အလျောက် မြန်မာနဲ့နိုင်ငံ တကာအသိုင်းဝိုင်းကြား ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း မစ္စဘာဂနာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။