ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ကြေညာချက်


2018.10.22
christine-burgener-kachin-622.jpg ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများအား ၂၀၁၈၊ အောက်တိုဘာ ၁၇ ရက်နေ့က သွားရောက်လေ့လာစဉ်
Photo: Kachin State Government Office

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့၊  အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတို့ အရေးကြီးကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက် ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းဘာဂနာက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၁ဝ ရက်ကနေ ၂ဝ ရက်နေ့အထိ ၁ဝ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားလိုက်တာပါ။

မစ္စ ဘာဂနာဟာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အရာရှိတွေ၊ အစိုးရအရာရှိတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် ခရီးစဉ်တွေမှာ အရပ်ဖက် စစ်ဖက်အဖွဲ့တွေကို တွေ့ဆုံခဲ့ပြီး ပဋိပက္ခ တွေအတွင်း ထိခိုက်နစ်နာရတဲ့သူတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရတာတွေနဲ့ အခုလက်ရှိအခြေအနေ ဘယ်လောက်တိုးတက်ပြောင်းလဲမှုတွေ ရှိလာသလဲ သိရဖို့အတွက် ပြည်တွင်းနေရပ် စွန့်ခွာခဲ့ရသူတွေအတွက် ခိုလှုံရာစခန်းတွေ၊ ပြန်လည်နေရာချ ထားတဲ့နေရာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်မှာလည်း  မြစ်ကြီးနားမြို့တဝိုက်က ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီထဲက တချို့ဟာ ပြည်တွင်းစစ်ကြောင့် ၂၀၁၁ ခုနှစ်ကတည်းက နေရပ်စွန့်ခဲ့ကြရသူတွေဖြစ်ကြပြီး၊ အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိ၊ နေရပ်ပြန်ဖို့ကလည်း မမျှော်လင့်နိုင်ဘဲဖြစ်နေကြရတယ်လို့ မစ္စ ဘာဂနာ  က ပြောပါတယ်။

ခရီးစဉ်အတွင်း သတင်းစာလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရအနေနဲ့ လူမျိုးဘာသာ ကျားမ ခွဲခြားဆက်ဆံမှုကို လုံးဝသည်းမခံတဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ကြောင်း၊  မြန်မာနဲ့ နိုင်ငံတကာအသိုင်းဝိုင်းကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း မစ္စ ဘာဂနာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။