ကုလကိုယ်စားလှယ်ကို ကချင်လူငယ်အဖွဲ့ အိတ်ဖွင့်ပေးစာပို့


2018.10.19
christine-schraner-burgener-kachin-idp-622.jpg မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က သွားရောက်စဉ်
Photo: Kachin State Government Office

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က တပ်မတော်ခေါင်းဆောင်တွေကို စစ်ဆေးဖို့ကိစ္စကို ကြိုဆိုကြောင်း အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အိတ်ဖွင့်ပေးစာတစ်စောင်ကို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က မိုင်းနား စစ်ရှောင်စခန်းကို သွားရောက်ခဲ့တဲ့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာကို ကချင်လူငယ်ထုလှုပ်ရှားမှုအဖွဲ့က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ပညာသင်ကြားခွင့် ခြွင်းချက်မရှိ ရရှိလာအောင် ပြည်နယ်အစိုးရက လုပ်ဆောင်ပေးဖို့အတွက် ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းပေးဖို့၊ ဒုက္ခသည်စခန်းတွေအတွက် နိုင်ငံတကာက အကူအညီတွေ အတားအဆီးမရှိ ပေးအပ်နိုင်ဖို့ စတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ ကချင်လူငယ်ထုလှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဆွတ်ဆိုင်းထွယ်က RFA ကို ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် NLD အစိုးရတက်လာပြီးနောက်မှာ ငြိမ်းချမ်းရေးအတွက် ထုတ်ဖော်ပြောဆိုတဲ့ လူငယ်တွေကို ဖမ်းဆီးထောင်ချတာ၊ တရားစွဲတာတွေ ပိုများလာတဲ့အပေါ်မှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပေးဖို့ လိုအပ်ကြောင်း၊  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဝင်တဲ့အတွက် ငြိမ်းချမ်းရေး မရနိုင်သေးတာဖြစ်ကြောင်းနဲ့ ကချင်ပြည်နယ် ဒေသခံတွေ အနေနဲ့လည်း လုံခြုံမှုအတွက် စိုးရိမ်နေရကြောင်း စတဲ့အချက်တွေ ပါဝင်တယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး မနေ့ကလည်း စစ်ဘေးဒုက္ခသည်စခန်းတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။