မြန်မာ့အရေး ထိထိရောက်ကိုင်တွယ်ဖို့ ကုလအထူးကိုယ်စားလှယ် ပြော
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အခြေအနေအရပ်ရပ် ပျက်စီးယိုယွင်းလျက်ရှိရာ ပြဿနာများ ပိုပြီး ဆိုးဝါးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ထိထိရောက်ရောက် ပါဝင်ဖြေရှင်းကြဖို့ မကြာခင် တာဝန်က အနားယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schrner Burgener က ကြာသပတေးနေ့ မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေဟာ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် ကျရောက်ဖို့ ဦးတည်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ရပ်ရွာတွေကို ပစ်မှတ်ထားပြီး မီးရှို့တာ လုယက်ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ပြောဆို လိုက်ပြီး၊ စစ်ကောင်စီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းနေတဲ့ ညှိနှိုင်းအဖြေရှာတာမျိုး အလျော့ အတင်းလုပ်တာမျိုးမရှိသလို ကုလသမဂ္ဂက အကြံပြုထားတဲ့ ဆွေးနွေးညှိနှိုင်းရေးဆိုတာကိုလည်း တုံပြန်တာ မျိုး မရှိဘူးလို့ ပြောပါတယ်။
တဆက်တည်း စစ်ကောင်စီဟာ စစ်ဆင်ရေးတွေကို ချင်းပြည်နယ် အပါအဝင် တခြားပြည်နယ်၊ တိုင်းတွေမှာ ပြုလုပ်နေပြီး ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာဟာ တစ်နိုင်ငံလုံး အကြမ်းဖက်မှု အလွန်မြင့်မားနေတာ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလုပ်နေတဲ့ စစ်ဆင်ရေးပုံသဏ္ဍန်တွေဟာ ၁၉၉၇ ခုနှစ်က ရခိုင်ပြည်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ကို ဆောင်ရွက်ခဲ့တာနဲ့ တူနေတယ်လို့ ပြောဆိုပြီး အပြည်ပြည်ဆိုင်ရာက ပါဝင်ထိန်းသိမ်းမှု ကင်းမဲ့နေတာ ကြောင့် အကြမ်းဖက်မှုတွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ပြည်တွင်းစစ်မီးတောက်လောင်တော့မယ့် အခြေအနေဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။