နိုင်ငံအပေါ်စေတနာရှိရင် စစ်ခေါင်းဆောင် ရာထူးကဆင်းဖို့ ကုလအထူးကိုယ်စားလှယ်ပြော

2021.10.22
နိုင်ငံအပေါ်စေတနာရှိရင် စစ်ခေါင်းဆောင် ရာထူးကဆင်းဖို့  ကုလအထူးကိုယ်စားလှယ်ပြော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာ Christine Schraner Burgener။
File Photo: Un Web TV

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံအပေါ် အမှန်တကယ် စေတနာရှိတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ အရပ်သားခေါင်းဆောင်တွေကို အာဏာပြန်လွှဲပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာ (Christine Schraner Burgener) က ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ၂၆ ကြိမ်မြောက် အစည်းအဝေးမှာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာက အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်တပ်ရဲ့ ခေါင်းဆောင်မှု အောက်မှာ ရှိနေရင် တည်ငြိမ်တဲ့အနာဂတ် ဖြစ်လာမှာ မဟုတ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တကယ်ပဲ စေတနာထားတယ်ဆိုရင် လက်ရှိ ရာထူးကနေ ဆင်းပေးပြီး၊ တပ်မတော်က သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အရပ်သားခေါင်းဆောင်တွေဆီကို ပြန်လည် လွှဲအပ်ပေးသင့်တယ်လို့ မစ္စ ခရစ်စတင်း ဘာဂနာက ပြောပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်း စစ်ကောင်စီဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် တောင်းဆိုမှုတွေကို မျက်ကွယ်ပြုနေပြီး၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သား ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက် ပြဿနာကို ပိုပြီးကြီးထွားစေကြောင်း၊ မိမိအနေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့အကြောင်းလည်း မစ္စခရစ်စတင်း ဘာဂနာက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။