ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ် အဖွဲ့ မောင်တောမြို့နယ်ကို သွားရောက်လေ့လာ
2016.11.02

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို လေ့လာဖို့ အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စတဲ့ နိုင်ငံ ၈ နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ်မှာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ကို စစ်တွေလေဆိပ်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အစိုးရနဲ့အတူ မှန်ကန်တဲ့စေတနာနဲ့ ပူးပေါင်းဆောင်ရွက်စေ လိုကြောင်းလည်း ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ တိုင်းပြည်ရဲ့ အနေအထားတွေကို သူကိုယ်တိုင်လိုက်နာပြီးတော့ ဆောင်ရွက်နေတဲ့အပိုင်းရှိသလို ကျနော်တို့နိုင်ငံကလည်း ဒီမိုကရေစီနိုင်ငံကို သွားနေတာဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းတွေနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ဟာ အကြမ်းဖက်မှုတွေဖြစ်ပွား ခဲ့တဲ့ မောင်တောမြို့နယ် ကျီးကန်းပြင်ကို တပ်မတော်ရဟတ်ယာဉ်နဲ့ ဆက်လက်သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူတွေ နဲ့ တံခါးပိတ်တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ မောင်တောမြို့နယ်ခရီးစဉ်မှာ ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲရေးဌာချုပ်အပြင် ဝါးပိတ်၊ ဇင်ပိုင်ညာ၊ ကျွဲတပြင်၊ ကြိမ်ချောင်း၊ ပြောင်ပိုက်၊ ငါးစားကြူး၊ လိပ်အိုင်၊ ကြက်ရိုးပြင်၊ ဒိုးတန်း၊ ငခူရ စတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ကြပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မနက်ဖြန်မှာလည်း စစ်တွေမြို့ကနေ တပ်မတော်ရဟတ်ယာဉ်နဲ့ မောင်တောမြို့နယ် အလယ်သံကျော်၊ ကိုင်းကြီး၊ ဇော်မတက်နဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွေကို ဆက်လက် သွားရောက်ကြမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေဟာ အကြမ်းဖက်သူတွေဘက်က အားပေးနေတယ် ဆိုပြီး မောင်တောမြို့ခံတွေက "အကြမ်းဖက်အားပေး UN / INGO အဖွဲ့ အလိုမရှိ၊ ထွက်သွား" ဆိုတဲ့ စာသားပါတဲ့ ပိုစတာတွေကို မောင်တောမြို့ လူသွားလမ်းတလျှောက်မှာ မနေ့ညနေက စတင်ပြီး ကပ်ထားကြပါတယ်။