မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု ကုလ စိုးရိမ်နေရဆဲ

လက်ရှိမြန်မာနိုင်ငံက တိုးတက်မှုအချို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ကြိုဆိုလိုက်ပြီး တစ်ဘက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အဓိက စိုးရိမ်စရာ ပြဿနာတွေအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ဝေဖန် ထောက်ပြလိုက်ပါတယ်။

2011.11.22
un-assembly-66-305 အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် ၆၆ ကြိမ်မြောက် အထွေထွေ ညီလာခံအတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြနေစဉ်။
UN Photo/Mark Garten

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှု၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု၊ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းမှုစတဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို ကြိုဆိုကြောင်းကိုတော့ မနေ့က ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အီရန်၊ မြောက်ကိုရီးယားတို့နဲ့ အတူ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေနေတွေအကြောင်း ဆွေးနွေး ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တဲ့အတွက် မြန်မာအရေးက နိုင်ငံတကာ ကိစ္စတွေမှာ အထူးအလေးထားရတဲ့ အဆင့်မှာပဲ ဆက်ရှိနေသေးတယ်လို့ NCGUB ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်တွေထဲမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို စနစ်တကျ ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်ကြောင်း၊ ဒါတွေကို ရပ်တန့်ဖို့လိုကြောင်း၊ ဒါ့အပြင် နိုင်ငံရေး ပါတီတွေကို ကန့်သတ် ချုပ်ချယ်မှုတွေ ရုပ်သိမ်ပေးဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို ချုပ်ချယ်ကန့်သတ်မှုတွေ မလုပ်ဖို့နဲ့ လက်ရှိ တွေ့ဆုံ ဆွေးနွေးရေးကို ရှေ့ဆက် အကောင်အထည်ဖော်ဖို့ လိုကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင်၂၀၁၀ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့တဲ့အတွက် အလွန် စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။