လဝက၀န်ကြီး မွတ်စလင် ခေါင်းဆောင်တွေနဲ့ စစ်တွေမှာ တွေ့ဆုံ
2014.03.14

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ခံရာမှာ ရခိုင်ပြည်နယ်အတွင်းနေထိုင်တဲ့ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ပြဿနာဖြစ်စေမယ့် နည်းလမ်းတွေကိုရှောင်ရှားပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းပေးဖို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက စစ်တွေမြို့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ဟာ ကိန်းဂဏန်းတွေကို သိရှိလိုတာကြောင့် ကောက်ခံတာဖြစ်တဲ့ အတွက် နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ခွင့်ကိစ္စရပ်တွေနဲ့ မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ဝန်ကြီး ဦးခင်ရီက ပြောခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို စစ်တွေမြို့က မွတ်စလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင် ၁၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးခင်ရီဟာ ရခိုင်လူမျိုး ရပ်မိရပ်ဖတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်ပြီး သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။