ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့ မွတ်စလင်အသိုင်းအဝိုင်းကို AA တိုက်တွန်း
2024.03.02

ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းတိုးတက်ပြီး ညီညွတ်တဲ့ တိုင်းပြည် တည်ဆောက်ဖို့အတွက် စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင့်ကန့်ကွက်ကြဖို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီဟာ သူတို့ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗန်းပြကာ ရခိုင်ဒေသက မွတ်စလင်အသိုင်းအသိုင်းကို နည်းလမ်းပေါင်းစုံသုံးပြီး အတင်းအဓမ္မစစ်မှုထမ်းဖို့ ကြိုးပမ်းနေကြောင်းနဲ့ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကြုံလာတိုင်း ရခိုင်ပြည်နယ်က ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်းကို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ရန်တိုက်ပေးလေ့ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုလုပ်တာဟာ ရခိုင်ဒေသက အတူနေအသိုင်းအဝိုင်းနှစ်ခုကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ကြီးမားတဲ့ ခြိမ်းခြောက်မှုလို့လည်း ဆိုပါတယ်။
ULA/AA အနေနဲ့ ရခိုင်ဒေသမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ထူထောင်စဉ်ကတည်းက ဒေသတွင်း မတူညီတဲ့အသိုင်းအဝိုင်းတွေကြား လူမှုသဟဇာတဖြစ်ပြီး အတူယှဉ်တွဲနေထိုင်ကြဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အပြုသဘောဆောင်တဲ့ ရလာဒ်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသုံးချပြီး မွတ်စလင်အသိုင်းအဝိုင်းကို စစ်မှုထမ်းစေဖို့ ကြိုးစားနေတာဟာ သာမန်ပြည်သူတွေကို သေတွင်းကို တွန်းပို့နေရုံသာမက ရခိုင်ဒေသရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ရိုက်ချိုးဖျက်ဆီးဖို့ ကြိုးပမ်းနေတာလို့လည်း ထောက်ပြထားပါတယ်။
ဒီစစ်မှုထမ်းဥပဒေကြောင့် ရခိုင်ဒေသက နှစ်ဘက်အသိုင်းအဝိုင်းကြားမှာ ကြီးမားကြာရှည်တဲ့ ပဋိပက္ခကိုသာ ဖြစ်စေပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး ပိုမိုဝေးကွာသွားစေမယ်လို့ ဆိုပါတယ်။
မွတ်စလင်အသိုင်းအဝိုင်းထဲက တချို့ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး ကိုယ်ကျိုးရှာလိုတာ၊ လူမျိုးရေးအမုန်းတရားနဲ့ အစွန်းရောက်တဲ့ခံယူချက်တွေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့လုပ်ဆောင်တာကို အခွင့်ကောင်းယူပြီး လက်နက်နဲ့လူအင်အားတွေ စုဆောင်းကာ ဒေသတွင်း အရပ်သားပြည်သူတွေကို ထိပါးတိုက်ခိုက်တာတွေလုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို စိတ်မကောင်းစွာတွေ့နေရတယ်လို့လည်း ရေးသားထားပါတယ်။ ဒီအပြုအမူတွေဟာ AA ကို ရန်လိုစိန်ခေါ်တဲ့လုပ်ရပ်မျိုးဖြစ်ပြီး ပိုမိုကြီးမားသော သွေးထွက်သံယိုမှုတွေဖြစ်လာအောင် ကြိုးပမ်းအားထုတ်နေတဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာလည်း သတိပေးရေးသားထားပါတယ်။
AA အနေနဲ့ ရခိုင်ဒေသတွင်းနေထိုင်တဲ့ လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးတွေ ရနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ မွတ်စလင်အသိုင်းအဝိုင်းအနေနဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့ အကြံပြုတိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။