ဘာသာရေးကို စစ်ကောင်စီ အသုံးချနေတယ်လို့ မွတ်စလင်တော်လှန်ရေးအဖွဲ့ပြော

2022.10.13
ဘာသာရေးကို စစ်ကောင်စီ အသုံးချနေတယ်လို့ မွတ်စလင်တော်လှန်ရေးအဖွဲ့ပြော ၂ဝ၂၁ ခုနှစ် မတ်လ ၇ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြနေသည့် အစ္စလာမ်ဘာသာဝင်တချို့။
Photo : AFP

အာဏာသိမ်း စစ်ကောင်စီဟာ ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးလုပ်နေတယ်လို့ မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစုက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။


မနေ့က ကျိုက်ထီးရိုးတောင်ခြေအောက် အရပ်သားသုံးဦး သေဆုံးရတဲ့ ပစ်ခတ်မှုဟာ ဒေသခံ PDF တပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။


စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ပိန္နဲကုန်းရခိုင်ဂျာမေဗလီကလည်း ထောက်ခံကြောင်း ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။


ဒီလိုဖော်ပြချက်ဟာ မြန်မာမွတ်ဆလင်တွေကို အထင်အမြင် လွဲမှားအောင်လုပ်တာ ဖြစ်တယ်လို့ မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု အဖွဲ့ဝင် ဗလီရှေ့ဆောင်ဆရာတစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးက RFA ကိုပြောပါတယ်။


"မဆီမဆိုင် သူတို့(စစ်ကောင်စီ) လုပ်တဲ့ကိစ္စကို မွတ်ဆလင်တွေကတောင် ကန့်ကွက်ရတယ်ဆိုပြီး PDF တွေကို နာမည်ဖျက်ချင်လို့ ဒီလိုလုပ်တာ။ ကျနော်တို့ ကန့်ကွက်တယ်။ အရေးယူသင့်တာယူမယ်။ စစ်တပ်က ဘာသာပေါင်းစုံအဖွဲ့ဖွဲ့ပြီး လက်ဝယ်ခံတွေ ထားထားတယ်။ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဗလီကို ဒီထဲမှာ ဆွဲထည့်တာ"


အဲဒီပိန္နဲကုန်း ရခိုင်ဂျာမေဗလီရဲ့ တာဝန်ရှိသူဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ အဲဒီ ဗလီဘက်ကို မေးမြန်းဖို့ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။


အာဏာရှင်တွေနဲ့ ရပ်တည်တာဟာ အစ္စလာမ်တရားတော်နဲ့ မညီဘူးလို့လည်း မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု ထုတ်ပြန်ချက်မှာ ပါပါတယ်။


စစ်တပ်က အာဏာသိမ်းပြီးနောက် အစ္စလာမ်ဘာသာဝင်တွေလည်း စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေကြပါတယ်။


စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အစ္စလာမ်ဘာသာဝင် ၆၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ဖမ်းဆီးခံထားရသူတွေလည်း အများအပြားရှိနေသလို၊ အစ္စလာမ်ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးခံရတာတွေလည်းရှိတယ်လို့ မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု ဘက်ကပြောပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။