စစ်ကောင်စီရဲ့ ဒုက္ခသည်စခန်းပြောင်းရွှေ့ရေးအစီအစဉ် မွတ်စလင်ဒုက္ခသည်တွေ လက်မခံ

2022.03.25
စစ်ကောင်စီရဲ့ ဒုက္ခသည်စခန်းပြောင်းရွှေ့ရေးအစီအစဉ် မွတ်စလင်ဒုက္ခသည်တွေ လက်မခံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းအသစ် ဆေးပေးခန်း ဆောက်လုပ်နေမှုအား ၂၀၂၂ မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် အိမ်ထောင်စု ၃၇၆ စုက လူဦးရေ ၁၀၀၀ ကျော်ကို မြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ နေရာ တစ်ခုဆီ ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

ပြောင်းရွှေ့ရမယ့် နေရာသစ်မှာ ဆေးခန်းတွေ၊ လူနေဆောင်တွေ ဆောက်လုပ်နေဆဲဖြစ်ပြီး ပြောင်းရွှေ့ရမယ့် ရက်ကိုတော့ စစ်ကောင်စီဘက်က မပြောသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုစီစဉ်နေတဲ့နေရာဟာ မြို့နဲ့အလှမ်းဝေးလို့ ဒုက္ခသည်တွေက မပြောင်းရွှေ့လိုကြပါဘူး။

"ကျနော်တို့မှာက ဘာမှရွေးချယ်မှု မရှိတော့တဲ့အတွက် တရားမျှတမှုအစိုးရတစ်ရပ် တက်လာအောင်ပဲ မျှော်လင့်ရတော့မယ်”

ကျောက်ဖြူမြို့နဲ့ နီးမယ့်နေရာကို ပြောင်းရွှေ့ပေးဖို့ ပြောပေမယ့် စစ်ကောင်စီက သူတို့ရဲ့ ဆန္ဒကို အလေးမထားဘူးလို့ အမည်မဖော်လိုတဲ့ မွတ်စလင်ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“NLD အစိုးရလက်ထက်ကတည်းက ပြောင်းဖို့လုပ်နေတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ စခန်းကလူတွေက လက်မခံတဲ့အတွက် သူတို့က မပြောင်းဖြစ်ခဲ့ဘူး။ အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငါတို့ပြောင်းတယ်ကွာဆိုပြီး ပြောင်းမယ့်သဘောပဲ။ အဲဒီနေရာမှာ မနေချင်တဲ့အကြောင်းကို ကျနော်တို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုလုပ်လဲဆိုတော့ အရင်စခန်းကော်မတီဝင်တွေကို ဖြုတ်ပစ်လိုက်တယ်။ နောက်ပြီး အသစ်ကော်မတီတစ်ခု ဖွဲ့လိုက်တယ်။ သူတို့နဲ့ပဲ ဆက်လုပ်သွားတယ်။ လူထုရဲ့ သဘောဆန္ဒတွေကို မမေးဘူး”

အခုလို အခက်အခဲတွေကို မီဒီယာတွေကို သတင်းပေးဖြေကြားရင် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းခံရတဲ့အတွက် ဒုက္ခသည်တွေက အမည်မဖော်လိုကြတာပါ။

မွတ်စလင်ဒုက္ခသည်တွေဟာ ကျောက်ဖြူ မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက်နဲ့ ပြင်ဖြူမော်ရပ်ကွက်တွေမှာ နေထိုင်ခဲ့ ကြသူတွေပါ။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေကြောင့် အိုးအိမ်တွေ ပျက်စီးခဲ့ရပြီး အဲဒီကတည်းက ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာဖြစ် ပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း ပိတ်သိမ်းရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်ကတည်းက လုပ်ဆောင်နေတာပါ။ လူနေအိမ် ၃၆၃ လုံးနဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးနဲ့ မီးရရှိရေး အပါအဝင် မြေယာလျော်ကြေး ပေးဖို့အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ် ရန်ပုံငွေထဲကနေ ငွေကျပ် သန်းပေါင်း ၂၀၀၀ ကျော်အထိ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်ကလည်း မွတ်စလင်ဒုက္ခသည်တွေက သူတို့ရဲ့ မူလနေရာကို ပြန်မနေရရင် တောင် မြို့နဲ့အနီးဆုံးနေရာမှာ နေရာချပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

သူတို့အနေနဲ့ အခုစီစဉ်နေတဲ့ နေရာသစ်ကို လုံးဝမပြောင်းချင်ဘူးလို့ မွတ်စလင်ဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကနေပြီးတော့ အဲဒီဘက်ကို လုံးဝမပြောင်းချင်ဘူး။ ကျနော်တို့ကတော့ အရင်တုန်းကလို ရခိုင်တွေနဲ့ တူတူနေချင်တယ်။ မြို့မှာပဲ ကျနော်တို့ လွတ်လွတ် လပ်လပ် လုပ်ကိုင်စားသောက်ချင်တယ်။ အခုနေရာက သီးခြားဖြစ်နေတယ်။ အဲဒီ နေရာမှာ ကျနော်တို့ လုံးဝမနေချင်ဘူး။ ကျနော် တစ်ယောက်တည်း မဟုတ်ဘူး။ ဒီဒုက္ခသည်စခန်းမှာရှိတဲ့ မိသားစုဝင်တိုင်းက တစ်ယောက်မှ နေချင်စိတ်မရှိဘူး။ ဒါပေမဲ့ အတင်းလုပ်ရင်တော့ မတတ်နိုင်ဘူးလေ။ ဟိုမှာ နေရာချပေးမယ်ဆိုတာကို လူတိုင်းက သောကရောက်နေကြတယ်”

မွတ်စလင်ဒုက္ခသည်တွေဟာ သူတို့ဘဝ ရပ်တည်ရေးအတွက် ငါးဖမ်းလှေတွေနဲ့ မြို့ပေါ်က တခြားလုပ်ငန်းတွေမှာ နေ့စားအလုပ်တွေ၊ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်လို့ မြို့နဲ့ ဝေးတဲ့နေရာကို ပြောင်းရွှေ့ဖို့ အဆင်မပြေဘူးလို့ သူက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကထောက်ပံ့တဲ့ လူတစ်ယောက်အတွက် တစ်ရက် ငွေကျပ် ၅၀၀ ကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့မှုက စားဖို့မလုံလောက် တဲ့အတွက် ဒုက္ခသည်အများစုဟာ သူတို့အရင်က နေထိုင်ခဲ့တဲ့ မြေနေရာတွေကို ရောင်းချ ခဲ့ရပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ သူတို့ရဲ့ မူလနေရာမှာ ကိုယ်ပိုင်အိမ်ရှိနေသေးတဲ့သူတွေကို သူ့နေရာကိုပြန်ခွင့်ပေးပြီး နေအိမ်မရှိတော့တဲ့သူတွေကိုတော့ မြို့နဲ့ အနီးဆုံးမှာပဲ နေရာချပေးသင့်တယ်လို့ ပြောပါတယ်။

“ကျောက်တစ်လုံးမှာရှိတဲ့ ဒုက္ခသည်တွေထဲက ကိုယ်ပိုင်အိမ်ရှိသေးတဲ့သူတွေကို သူ့နေရာကိုသူ သွားခွင့်ပေးပြီးတော့ အဲဒီမှာ အိမ်မရှိတော့ဘူး၊ နေဖို့ထိုင်ဖို့မရှိတော့တဲ့ သူတွေကျတော့ မြို့နဲ့အနီးဆုံးကိုပဲ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကတော့ တရား မျှတမှုပေါ့နော်။ မြို့ရဲ့အစွန်အဖျားမှာ လုပ်ကိုင်စားသောက်လို့ မရအောင်ထားခြင်းက ဒုက္ခသည်စခန်းတစ်ခုကနေ နောက်ဒုက္ခသည်စခန်းတစ်ခုကို ပြောင်းလိုက်တဲ့သဘောပဲ။ ကျနော်တို့မှာက ဘာမှရွေးချယ်မှု မရှိတော့တဲ့အတွက် တရားမျှတမှုအစိုးရတစ်ရပ် တက်လာအောင်ပဲ မျှော်လင့်ရတော့မယ်”

kyauktalone-refugees-camp.jpg
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းအသစ် ဆောက်လုပ်နေမှုအား ၂၀၂၂ မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကျောက်ဖြူ မြို့နဲ့အနီးဆုံးနေရာကို ပြောင်းရွှေ့ပေးဖို့ မွတ်စလင်တွေ တောင်းဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းတို့အဖွဲ့ဟာ ကျောက်တစ်လုံး ဒုက္ခသည်စခန်း အပါအဝင် မွတ်စလင်ဒုက္ခသည်စခန်းတွေကို သွား ရောက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း ရခိုင်ပြည်နယ်က မွတ်စလင်အများအပြားဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ၂၀၁၇ ခုနှစ်ကလည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မွတ်စလင် ခြောက်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သူတို့အားလုံးဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။