အစ္စလာမ်ဘာသာရေးဆရာတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းပြန်မရ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.01.06
အစ္စလာမ်ဘာသာရေးဆရာတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းပြန်မရ အစ္စလာမ်ဘာသာရေးဆရာ ‌မော်လဝီအိုဇိုင်း(ခေါ်) ကိုနိုင်စိုး
Photo: Citizen Journalist

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာရေးဆရာ ‌မော်လဝီအိုဇိုင်း(ခေါ်) ကိုနိုင်စိုးဟာ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရပြီး အလောင်းပြန်မရဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။

မော်လဝီအိုဇိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဘုရားသုံးဆူကနေ မုဒုံဘက်ကို စျေးဝယ်သွားရင်း ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းနှစ်ခွ BGF စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"ဖမ်းပြီးပိုက်ဆံတောင်းတယ်။ သူစီးလာတဲ့ဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ကယ်ဘောက်ထဲမှာပါတဲ့ ငွေရှစ်သိန်းလောက်ကို ယူထားလိုက်တယ်လို့ တွေ့တဲ့သူက ပြောတယ်၊ အဲဒီကတည်းက ပျောက်သွားတာ အဆက်အသွယ်မရတော့တာ"

ပျောက်ဆုံးပြီးတစ်လလောက်အကြာ ဒီဇန်နဝါရီလထဲမှာမှ သတ်ဖြတ်ခံလိုက်ရပြီဆိုတာ စုံစမ်းသိခဲ့ရတယ်လို့ မိသားစုဝင်ကပြောပါတယ်။

"ကျနော်တို့ BGF ဂိတ်ကိုသွားမေးမှ အလှူလုပ်ချင်လုပ်တော့လို့ ပြောတယ်။ ကျနော်တို့ အလောင်းတောင်ပြန်မရဘူး။ ဘာသာရေးအရ အလောင်းပြန်လိုချင်တယ်။ သူ့အမေအိုကြီးဆို အခုထိ မယုံနိုင်သေးဘူး။ အိမ်ရှေ့က ဆိုင်ကယ်သံကြားရင် ငါ့သားပြန်လာပြီဆိုပြီး ထွက်ထွက်ကြည့်နေတာ၊ တရားမျှတမှုလိုချင်တယ်ဗျာ"

မော်လဝီအိုဇိုင်း(ခေါ်) ကိုနိုင်စိုးဟာ သာမန်အရပ်သားတစ်ဦးဖြစ်ပြီးတော့ အစ္စလာမ်ဘာသာဝင်ကလေးတွေကို ဘာသာရေးစာတွေ သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ နယ်ခြားစောင့်တပ် BGF ဘက်ကို RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တွေဟာ ဒေသခံအရပ်သား ပြည်သူတွေကို ဖမ်းဆီးပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်တွေရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အစ္စလာမ်ဘာသာရေးဆရာ သုံးဦးထက်မနည်းနဲ့ ဘာသာဝင် ၆၈ ယောက်စစ်ကောင်စီရဲ့ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာခံခဲ့ရတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။