မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှတ်တမ်းပြုရေး ဝိုင်းဝန်းပံ့ပိုးဖို့ ဗြိတိန်တိုက်တွန်း

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားတွေ စုဆောင်းကောက်ယူမှတ်တမ်းပြုနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို ဝိုင်းဝန်းပံ့ပိုးကြဖို့ ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က စက်တင်ဘာလ ၂ဝ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလလူ့အခွင့်အရေးညီလာခံမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့တာ၊ ဥပဒေမဲ့ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းတာ၊ ဖြုတ်ချခံခဲ့ရတဲ့ အရပ်ဘက်အစိုးရနဲ့ လူထုအဖွဲ့အစည်းတွေထဲ ထင်ရှားသူတွေကို သတ်ဖြတ်စီရင်တာတွေ ပေါ်ပေါက်ခဲ့တဲ့အပေါ် ရှုတ်ချကြောင်း၊ နိုင်ငံတစ်ဝန်း စစ်ကောင်တပ်ဖွဲ့တွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ကျေးရွာတွေကို မီးရှို့တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ် ကျန်နေခဲ့တဲ့ ရိုဟင်ဂျာ ခြောက်သိန်းလည်း စနစ်တကျ ခွဲခြား ဆက်ဆံခံနေရဆဲ၊ နိုင်ငံသား အခွင့်အရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေလည်း ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒီအခြေအနေအပေါ် ဗြိတိန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ ဆက်လက်ဖိအားပေး ပိတ်ဆို့အရေးယူတာတွေအပြင် တခြားနည်းလမ်းတွေနဲ့လည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါ့ပြင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကာကွယ်တားဆီးရေးသဘောတူညီချက်ကို မြန်မာစစ်ကောင်စီက ချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ မှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့တော့ IIMM ကို ပေါင်စတာလင် ငါးသိန်း ပံ့ပိုးထားပြီးဖြစ်ကြောင်းနဲ့ Myanmar Witness programme ကို ထူထောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။