ဦးထင်လင်းဦးကို ထောင်ဒဏ် ၂နှစ် ချမှတ်


2015.06.02
htinlinoo-620.jpg စာရေးဆရာ ဦးထင်လင်းဦးကို ဇွန်လ ၂ ရက်နေ့က ချောင်းဦးမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: U Htin Lin Oo Facebook

ဘာသာ၊ သာသနာညှိးနွမ်းစေမှုနဲ့ အကျဉ်းထောင်ထဲမှာ ၆ လခန့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ် ဒီကနေ့ ချမှတ်လိုက်ပါတယ်။

ဘာသာသာသနာကို ညှိးနွမ်းစေမှုနဲ့ အမိန့်ချလိုက်တာဖြစ်ပြီး၊ နောက်ပုဒ်မ ၂၉၈ကိုတော့ ပယ်ချလိုက်တာ ဖြစ်တယ်လို့ စာရေးဆရာ ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"ဥပဒေ ပုဒ်မ ၂၉၅ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချတယ်၊ ပုဒ်မ ၂၉၈ ကတော့ အမှုကနေလွှတ်လိုက်ပြီ၊ ဒီအမိန့်ကို မကျေနပ်လို့ရှိရင် အထက်ရုံးအထိ တက်နိုင်ပါတယ်"

အဲဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး လာမယ့် ရက်ပေါင်း ၃ဝ အတွင်းမှာ အယူခံဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးထင်လင်းဦးဟာ မုံရွာအကျဉ်းထောင်မှာ ၆ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တရားရုံးချိန်းပေါင်း ၂၀ကြိမ်မြောက်မှာ အမိန့်ချလိုက်တာဖြစ်ပြီး ချုပ်ရက် ၆လကို ခံစားခွင့်ပေးထားတဲ့အတွက် တစ်နှစ်ခွဲလောက် ထောင်ထဲမှာနေရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဆရာ ဦးထင်လင်းဦးက ဘာသာ၊ သာသနာ၊ လူမျိုးရေးအကြောင်းတွေကို ဟောပြောခဲ့တာကြောင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာ ညှိးနွမ်းစေမှု၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဦးထင်လင်းဦးကတော့ သူဟာ ဘာသာကို စော်ကားလိုတာ မဟုတ်တဲ့အတွက် အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားတာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကို မခင်ပြည့်စုံ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။