NLD ကိုယ်စားလှယ်ကို ဦးလှဆွေ ကန့်ကွက်မှု ရှုံးနိမ့်


2017.04.11
hlaswe-622.jpg အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ရန်ကုန်မြို့မှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုပွဲမှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၂ မှာ အနိုင်ရရှိခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ထားတာကို ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ဒီနေ့ အပြီးသတ်အမိန့်ချမှတ်ရာမှာ ဦးပြူးလွင်က အနိုင်ရရှိခဲ့ပါတယ်။

ဦးလှဆွေ ကန့်ကွက်လွှာတင်ထားချက်တွေဟာ ရွေးကောက်ပွဲကာလနဲ့ မသက်ဆိုင်တဲ့အတွက် တိုင်တန်းချက်တွေ ကို ခုံရုံးကပယ်ချလိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် က ပြောပါတယ်။

"အချက် ၂၀ လောက်နဲ့ တိုင်တာပေါ့။ ပုဒ်မ ၅၀၀ လည်းအပါအဝင် ဂုဏ်သရေညှိးနွမ်းမှု ပုဒ်မ ၂၁၁ လည်း ပါတယ်။ နောက်ကိုယ့်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လည်း မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကနေပြီးတော့မှ ကြံခိုင်ရေးပါတီက မကောင်းဘူး ဘာညာပေါ့ အဲ့လိုမျိုးမဲဆွယ်တာတွေနဲ့ ပတ်သက်တဲ့ သူများ ပြစ်မှုကျူးလွန်တာတွေလည်း ကိုယ်ကပဲကျူးလွန်ခိုင်းသလိုလို ထင်ယောင်ထင်မှား အချက်တွေနဲ့ စွဲချက်တင်ရတာပေါ့ ။ ပုဒ်မ ၅၀၀ နဲ့ ပုဒ်မ ၂၁၁ နဲ့ ပတ်သက်တာကြတော့ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ ဖြစ်တာကျတော့ တပိုင်းပေါ့။ ရွေးကောက်ပွဲကာလအတွင်းမှာ မပြုလုပ်တဲ့အမှုတွေဖြစ် တာကြောင့် လုံးဝ ရွေးကောက်ပွဲ ခုံရုံးနဲ့ ဥပဒေနဲ့ မပတ်သက်ဘူးဆိုပြီး ဒီက ပယ်လိုက်တယ်။"

ဥပဒေအရ ကန့်ကွက်လွှာတင်သွင်းရာမှာ ရံှုးနိမ့်ခဲ့တဲ့အတွက် ဦးလှဆွေဟာ ဦးပြူးလွင်ကို အမှုရင်ဆိုင် စရိတ် ငွေကျပ်တစ်သိန်း ဒီနေ့ပေးရပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစပြီး ကန့်ကွက်လွှာတင်ထားတဲ့အပေါ် လစဉ် တလကို သုံးကြိမ်ခန့် ခုံရုံးက ခေါ်ယူ စစ်ဆေးခဲ့တာတွေရှိကြောင်းနဲ့ အယူခံဝင်ခဲ့ရတာတွေလည်း ရှိတဲ့အတွက် စရိတ်ကုန်ကျမှုဟာ ဥပဒေပြဌာန်းချက် ထက် ပိုများခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် က ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ ဦးပြူးလွင်ဟာ ထောက်ခံမဲ တစ်သိန်းကျော်ရရှိခဲ့ပြီး ဦးလှဆွေ ဟာ ထောက်ခံမဲ ၃ သောင်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။

ဦးပြူးလွင်အနေနဲ့ ဦးလှဆွေအပေါ် ဂုဏ်သိက္ခာညှိးနွမ်းအောင်နဲ့ အသေရေပျက်အောင် ဆောင်ရွက်ခဲ့တာတွေ ရှိသလို ကြံခိုင်ဖွံ့ဖြိုးရေးပါတီအပေါ်အမြင်မှားအောင် ဆောင်ရွက်ခဲ့တာကြောင့် ဦးပြူးလွင်ရရှိခဲ့တဲ့ မဲတွေဟာ မသမာမှုတွေရှိနေတယ်ဆိုပြီး ဦးလှဆွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။