လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို Eleven မီဒီယာ တရားစွဲဆိုမှု တရားရုံးလက်ခံ
2015.09.16

အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Eleven မီဒီယာအုပ်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ရေးသား တယ်ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို Eleven မီဒီယာက တရားစွဲဆိုတာကို ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံလိုက်ပါတယ်။
Eleven မီဒီယာရဲ့ နစ်နာမှုတွေအတွက် ဦးလှဆွေထံက နစ်နာကြေး ကျပ်သိန်းခြောက်ထောင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထား ခဲ့တာဖြစ်တယ်လို့ Eleven မီဒီယာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။
"တရားစွဲဆိုတာကတော့လေ Facebook ကနေရေးသားချက်ရယ်တွေက ကျနော်တို့ Eleven မီဒီယာရဲ့ဂုဏ် သိက္ခာနဲ့ အသရေထိခိုက်နစ်နာစေတယ်ပေါ့နော်၊ ဒါကြောင့် တရားစွဲဆိုခဲ့တာပါ၊ တရားမစွဲဆိုခင်မှာ ရှေ့နေ ကတဆင့် ဖြေရှင်းဖို့အကြောင်းကြားစာ ကို သတင်းစာထဲမှာ ထည့်သွင်းကြေငြာခဲ့သလို သူ့ဆီကိုလည်းပေး ပို့ခဲ့ပြီးဖြစ်ပါတယ်၊ ကျနော်တို့ဆီ မဆက်သွယ်ခဲ့တဲ့အတွက် ဥပဒေကြောင်းအရဆက်ပြီး တရားစွဲခဲ့တာဖြစ် ပါတယ်"
အဲဒီလိုလျှောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာလ ၁၄ ရက်နေ့မှာ လက်ခံလိုက် ပြီး လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
လွှတ်တော်အမတ်တစ်ဦးကို သတင်းမီဒီယာက တရားစွဲဆိုတာဟာ ဒါပထမဆုံး ဖြစ်ပါတယ်။