NLD ကိုယ်စားလှယ်လောင်းကို အနိုင်ရမယ် ယုံကြည်ကြောင်း ဦးလှဆွေ ပြော


2015.10.22
hlaswe-usdp-candidate-620.JPG ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာ မဲဆွယ်စဉ်
ဓါတ်ပုံ - ငယ်ထွေး/RFA

ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေက သူ့ရဲ့ပြိုင်ဘက်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း မနေ့က မဲဆွယ်ပွဲမှာ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာ ဟောပြောပွဲအပြီးမှာ ဦးလှဆွေက ပြောလိုက် တာဖြစ်ပါတယ်။

"ကျနော် ပြိုင်ဘက်ပါတီ အထူးသဖြင့် NLD ပေါ့နော် ကျနော် မဖြုံပါဘူး၊ ကျနော်တို့ နိုင်ရမယ်လို့ ယုံကြည်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုမြင်တဲ့အတိုင်းပဲလေ လူထုက ကျနော့်ဘက်က ရာခိုင်နှုန်းအများကြီးရှိပါတယ်၊ ဒါကြောင့်မို့ ကျနော် အေးအေးဆေးဆေးပါပဲ၊ အဓိက သူတို့ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်က ကျနော့်ကို မယှဉ်နိုင်ဘူး၊ သူတို့က ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းရဲ့ ရုပ်နဲ့ယှဉ်ပြိုင်ကြမှာဆိုတော့ တစ်ယောက် ချင်းနဲ့ စွမ်းရည်မှာတော့ ကျနော့်ကို မမှီနိုင်တဲ့အတွက်ကြောင့်ပါ၊ လူတွေကသိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့တော့ ဒါမဖြစ်နိုင်ဘူး၊ တိုင်တစ်လုံးနဲ့ အိမ်ကိုဆောက်လို့မှမရတာ"

ဟောပြောပွဲကို မောက်လင်းကျေးရွာ အန်အယ်လ်ဒီပါတီ ရုံးခန်းအနီးက နေအိမ်မှာကျင်းပတာဖြစ်ပြီး ဒေသခံ ၁၀၀နီးပါး တက်ရောက်ခဲ့ပါတယ်။

ဦးလှဆွေဟာ လာမယ့် ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၂ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ ဂန့်ဂေါ၊ ဆော၊ ထီးလင်း စတဲ့မြို့နယ် ၃ခု ပါဝင်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။