ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ၃လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဦးလှဆွေ တိုက်တွန်း


2015.11.12
hlaswe-620.jpg ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo:Htet Arkar/RFA

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ ၃လအတွင်း မလုပ်ဘူးဆိုရင် နိုင်ငံရေးကို ကျောခိုင်းပြီး စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။

ဒီကနေ့ RFA နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းရာမှာ ဦးလှဆွေက ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ အားနည်းချက်ကြောင့် ရှုံးနိမ့်တာလို့ ပြောပါတယ်။

"ကြံ့ခိုင်ရေးပါတီဟာ တကယ့်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုတယ်၊ အခုက ပြောင်းလဲတယ် ပြောင်းလဲ တယ်ပြောပြီးတော့ ဒီလူတွေချည်းပဲ၊ လူကြီးပိုင်းကတော့ CEC ပိုင်းကတော့လေ၊ ကျနော်တို့က ဒါကအစ သူတို့သေချာပြုပြင်နိုင်မလား၊ ဒီ ၃ လလောက် ကျနော်တို့ စောင့်ကြည့်မှာပေါ့၊ ဒီ ၃ လလောက်မှာ ပြောင်းလဲမှု ဟာ အားရကျေနပ်လောက်စရာ ဖြစ်တယ်လို့ယူဆရင် ကျနော်ကဆက်ပြီးတော့ နိုင်ငံရေးလုပ်မယ်၊ တကယ်လို့ ပြောင်းလဲမှုဟာ တို့ကနဲ ဆိတ်ကနဲလေးပဲလုပ်သွားတယ်၊ နာမည်ခံပဲလုပ်တယ်ဆိုရင် ကျနော်ကတော့ ကိုယ့်ဘာသာ စီးပွားရေးပဲလုပ်တော့မယ်"

ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လိုအပ်နေကြောင်းကို ဦးသူရရွှေမန်း ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက အစည်းအဝေးမှာ သူတင်ပြခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိအနိုင်ရနေတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေထဲမှာ အနည်းဆုံး ၁၀ ယောက်လောက်ဟာ ဥပဒေနဲ့ငြိစွန်းတာကြောင့် ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လိုပုံစံတွေလည်းဆိုတာတော့ မသိရပါဘူး။

ဦးလှဆွေဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း စတဲ့မြို့နယ်တွေကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။