ဦးဇော်ဌေး ကွယ်လွန်မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး ရုတ်တရက် ကွယ်လွန် သွားတဲ့အပေါ် အလွန် စိတ်မကောင်း ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၄ ရက်နေ့က ပြောဆိုလိုက်တယ်လို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဦးဇော်ဌေးက ၂၃ ရက်နေ့ ဆုံးတယ်။ ၂၄ ရက်နေ့ တရားခွင်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်က သိသွားတယ်။ သူ အရမ်းစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောပါတယ်။ သူပြောတဲ့အချိန်မှာ ရှေ့နေတွေနဲ့ ကိုရဲမင်းဦးတို့လည်း ရှိနေတယ်။ ဒီသတင်းစကားကိုလည်း အန်တီက ဦးဇော်ဌေးမိသားစုကိုပါ သိစေချင်ပုံရပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အစွပ်စွဲခံထားရတဲ့ အဂတိအမှုတွေထဲက အမှုလေးမှုအတွက် မေလ ၂၄ ရက်နေ့မှာပဲ နေပြည်တော် အထူးတရားရုံးမှာ စွဲချက်တင်ခံခဲ့ရပါတယ်။
သူနဲ့အတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ပါဝင်ပါတယ်။ ဦးဇော်ဌေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်ရကြောင်းပြောတာ မှန်ကန်တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပါတယ်။ ဒါပေမဲ့ အသေးစိတ် ပြန်ပြောပြဖို့ကိုတော့ သူက ငြင်းဆိုပါတယ်။
ဦးဇော်ဌေးဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီထံမှာ အလုပ်ဆက်လုပ်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးရိပ်သာတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်း၊ အသက် ၄၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးဇော်ဌေးဟာ အဲဒီနောက်ပိုင်း အစိုးရအရာရှိတာဝန်ကနေ အနားယူပြီး နေပြည်တော်မှာ ဆက်လက်နေထိုင်ရင်း မေလ ၂၃ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာပါ။
အစိုးရအဆက်ဆက် နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့ရသူ ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူဝါဒခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။