မြန်မာစစ်တပ်ကို စီးပွားရေးဖိအားပေးဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း

2021.12.06
မြန်မာစစ်တပ်ကို စီးပွားရေးဖိအားပေးဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas H.Andrews ကို တွေ့ရစဉ်
Photo: UN Geneva
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတော့တဲ့ အခြေအနေကို ပြသနေပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို စီးပွားရေးအရ ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ ချမှတ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
 
"ဒီနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝ မရှိတော့တာကို ပြသနေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ ဓားစာခံတွေပါ၊ ရာဇဝတ်ကောင်တွေ မဟုတ်ပါဘူး။ သူတို့ အမှုတွေအတွက် ကြားနာစစ်ဆေးတာတွေဟာ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြည့်နေတဲ့ ဇာတ်ခုံတွေသာ ဖြစ်ပါတယ်။ ဒါတွေကို တကယ်စစ်မှန်တဲ့ တရားရုံး ကြားနာ စစ်ဆေးမှုအဖြစ် မရှုမြင်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ တခြား ပြည်သူထောင်ပေါင်း များစွာဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် မျှတမှုမရှိတဲ့ တရားစီရင်ရေး စနစ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတာပါ" လို့ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ မစ္စတာ တွမ်အင်ဒရူးရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တခြား ပြည်သူထောင်ပေါင်းများစွာကို စွဲဆိုထားတဲ့အထဲက ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီအလိုကျ ပြင်ဆင်ထားတဲ့ ဥပဒေတွေဟာ မြန်မာပြည်သူ တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရယူခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်နေတာဖြစ်တယ်လို့ မစ္စတာ တွမ်အင်ဒရူး က ပြောပါတယ်။
 
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်ကားနဲ့ ဝင်တိုက်ပြီး အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ဖြစ်ရပ်ဟာလည်း အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကျင့်သုံးနေသူတွေအပေါ် တိုက်ခိုက်မှုဖြစ်တယ်လို့ မစ္စတာ တွမ်အင်ဒရူးရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
 
ဒီလုပ်ရပ်တွေဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာဇဝတ်သား လူဆိုးဂိုဏ်းတစ်ခုနဲ့ မကွာခြားတော့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုအပ်နေတာကို ပြသနေတယ်လို့လည်း မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေကို တရားမဝင် ဖိနှိပ်အုပ်ချုပ်နေရာမှာ လိုအပ်တဲ့လက်နက် တွေနဲ့ ငွေကြေးအရင်းအနှီးတွေ မရနိုင်အောင် စီးပွားရေးအရ ဖိအားပေးမှုတွေကို မြှင့်တင်ကြဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းကြောင်းလည်း မစ္စတာတွမ်အင်ဒရူးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။