ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အမှုနှစ်ခု တရားလွှတ်တော်ချုပ်မှာ ကြားနာ

RFA Burmese
2023.07.05
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အမှုနှစ်ခု တရားလွှတ်တော်ချုပ်မှာ ကြားနာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့ကို ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
ROMEO GACAD / AFP

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စစ်ကောင်စီက စွပ်စွဲထောင်ချထားတဲ့ အမှုနှစ်ခု ပြင်ဆင်မှုအတွက် ဇူလိုင်လ ၅ ရက် ဒီကနေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ပူးတွဲစွဲဆို​ထောင်ချခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)၊ နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုတွေ ပြင်ဆင်မှုအတွက် ကြားနာတာဖြစ်ပါတယ်။

ဒီပြင်ဆင်မှုကို ခွင့်ပြု၊ မပြုကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လာမယ့်ရုံးချိန်းမှာ ဆုံးဖြတ်မှာဖြစ်ပြီး အဲဒီလိုဆုံးဖြတ်ဖို့ အချိန် နှစ်ပတ်ကနေ တစ်လ ကြာနိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အမှုဟာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ ရွေးကောက်ပွဲတုန်းက မလျော်ဩဇာ လွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တဲ့အမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ပေါ် ၂၀၂၂ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်သုံးနှစ်စီ ချမှတ်ထားတဲ့အမှု ဖြစ်ပါတယ်။

အဲဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးကလွဲရင် ကျန်လေးဦးစလုံး ပြန်လွတ်လာပါပြီ။

အခု ဇူလိုင်လ ၁၂ ရက်နဲ့ ၁၈ ရက်နေ့တွေမှာလည်း သမ္မတဦးဝင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ်ကျန်ရှိနေတဲ့ အမှုအယူခံနဲ့ အထူးအယူခံအမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဆက်လက်ကြားနာဖို့ ရှိနေပါတယ်။

ဒီအမှုကိစ္စတွေ ဆွေးနွေးဖို့ ရှေ့နေအဖွဲ့က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီရဲ့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းခဲ့ပေမယ့် ဒီနေ့ထိ တွေ့ဆုံခွင့် မပေးသေးပါဘူး။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။

အသက် ၇၁ နှစ်အရွယ် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကတော့ စစ်ကောင်စီတပ်က စွပ်စွဲထားတဲ့ အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။