သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစတင်

မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် ပိတ်ဆို့ကန့်သတ်ချက်တွေကို အမေရိကန်ပြည်ထောင်စုဘက်က အမြန်ဆုံး ရုပ်သိမ်းနိုင်လိမ့်မယ်လို့ သမ္မတ ဦးသိန်းစိန်က သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း မျှော်လင့်ထားကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

2012.09.24
u-thein-sein-us-trip-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် သမ္မတ ဦးသိန်းစိန် နေပြည်တော်မှ ထွက်ခွာစဉ်။
Photo courtesy of President Office

တစ်ချိန်တည်းမှာလည်း အမေရိကန်အစိုးရက အရင်က ပိတ်ပင်ထားခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေဆိုင်ရာ ကိစ္စကိုလည်း အမေရိကန်လွှတ်တော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ဖယ်ရှားပေးလိုက်ပြီလို့ သိရပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရ အနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လိုမျိုး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံကို ချေးငွေဆိုင်ရာကိစ္စတွေ ပြန်လည် ကူညီနိုင်တော့မှာလို့ ရိုက်တာသတင်းက ရေးသားပါတယ်။

အလားတူ ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံအနေနဲ့ ဥရောပဈေးကွက်မှာ ကုန်သွယ်မှု အခွင့်အရေး အထူးအလေးပေးခံရတဲ့ GSP စနစ်ကို ပြန်လည် ခံစားခွင့်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်း လွှတ်တော်က အတည်ပြုပြီး သမ္မတရုံးကို ပေးပို့ထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို သမ္မတက အတည်ပြုပေးဖို့ ဆိုင်းငံ့ထားလိုက်ပြီး၊ လိုအပ်ချက်တချို့၊ ပြင်ဆင်ချက် တချို့ကို သမ္မတရုံးက ပြင်ဆင်ဖြည့်စွက်ပြီး လွှတ်တော်မှာ ပြန်လည် ဆွေးနွေးကြဖို့အတွက် ပေးပို့လိုက်ပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က မြန်မာ့သွင်းကုန်ကို ပြန်လည်လက်ခံဖို့ကိစ္စမှာ ဘယ်အရာတွေ အနှောင့်အယှက် အတားအဆီးဖြစ်နိုင်မလဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို သမ္မတက ဘာကြောင့်လက်မှတ် မရေးထိုးသေးတာလဲ စတာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။