သမ္မတ ဦးသိန်းစိန်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်
2012.09.08

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး ဒေါက်တာ လှကျော်ဇောက RFA ကိုပြောပါတယ်။
"ဟုတ်ပါတယ် မနေ့ကတုန်းက ဦးအောင်မင်းကိုယ်တိုင် ဖိတ်ခေါ်တာပါ။ သူက အကြောင်းက ဒီလိုပါ။ အဘ ဦးကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင် အဖြစ်နဲ့ ပြန်လာဖို့ ဖိတ်မန္တကပြုပါတယ်တဲ့။ နောက်ပြီး ကျန်းမာရေးအတွက် သူတို့ ဘာတွေ လုပ်ဆောင် ပေးရမလဲ။ ဘယ်ပုံစံနဲ့ ပြန်လာနိုင်မလဲ ဆိုတာကို သူတို့ကို ပြောပါလို့ သူတို့က ပြောပါတယ်။ သူတို့ဖိတ်တာပါ။ ဖုံးနဲ့တိုက်ရိုက် ဦးအောင်မင်းကိုယ်တိုင် ပြောတာပါ"
ဗိုလ်မှုးချုပ်ဟောင်း ဦးကျော်ဇောနဲ့ အတူ သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ သမီး ၂ ယောက်ကိုပါ အတူတကွ လာရောက်ဖို့ ဖိတ်ခေါ်တယ်လို့လည်း သိရပါတယ်။ ဦးအောင်မင်းကို ပြန်လည် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်လှကျော်ဇောက -
"ကျွန်မက ဒီလိုပြန်ဖြေထားပါတယ်။ တစ်ခုက ဒီလိုဖိတ်ကြားခြင်းကို ကျေးဇူးတင်ပါတယ်။ ဒုတိယက ဖေဖေဟာ ရဲဘော်သုံးကျိပ်ဖြစ်တာ မှန်ပေမယ်လို့ အခု ကျွန်မတို့ တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံပြီးနေတာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ နေတာဖြစ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ အနေနဲ့လည်း ကျွန်မတို့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါသေးတယ်လို့၊ ဒါက နိုင်ငံရေးပိုင်း။ နောက်တစ်ခုက တကယ့် လက်တွေ့ပိုင်းမှာလည်း ဖေ့ဖေ့ရဲ့ ကျန်းမာရေးဟာ ခရီးသွားဖို့ မပြောနဲ့ အသက်ကယ်ခန်းကတောင် အပြင်မရောက်သေးတဲ့အတွက် ကာလတစ်ပိုင်း ယူပြီးတော့ တော်တော်တည်ငြိမ်အောင် လုပ်ယူရအုံးမှာပါ လို့၊ ဖေဖေ့ ကျန်းမာရေး ကောင်းလာမှ ဆက်ဆွေးနွေးတာပေါ့ လို့တော့ ပြောထားပါတယ်"
အင်္ဂလိပ်ရဲ့ ကျွန်ဘဝက လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို စစ်ပညာ သွားသင်တဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေထဲက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ယခု ရန်ကုန်မှာရှိနေတဲ့ ဗိုလ်ရဲထွတ်တို့ နှစ်ဦးပဲ အသက်ရှင်သန်လျက် ရှိပါတော့တယ်။
ဒေါက်တာလှကျော်ဇောနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |