လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို

မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

2012.06.25
u-thein-sein-0625-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
Photo:Myanmar President Office

နှစ်ရက်ကြာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့က ညှိနှိုင်းရေးမှူး မမြတ်စုက သမ္မတမိန့်ခွန်းနဲ့ ပတ်သက်လို့ ပြောပြတာက -

"သမ္မတကြီးအနေနဲ့ သူ့အနေနဲ့ပေါ့၊ ဒီမြန်မာနိုင်ငံမှာ အခုတံခါးဖွင့်ပေးနေတယ်ပေါ့နော်၊ တခါးဖွင့်ပေးနေတဲ့ အတွက် ပြည်ပက အကူအညီပေးဖို့ အဓိကအားဖြင့် အလုပ်လက်မဲ့တွေ၊ ဝင်ငွေနိမ့်ပြည်သူတွေကို အကူအညီပေးဖို့ အတွက်ပေါ့၊ လူမှုရေး အကာအကွယ် လုပ်ပေးဖို့ အတွက်ပေါ့။ နောက်တစ်ခုက တတိယဦးစားပေးပေါ့နော်၊ မက်ခရိုအဆင့် လူမှုရေးတွေကိုလည်း ကောင်းအောင်လုပ်ပေးပါ အဲဒီလိုပြောသွားပါတယ်ရှင့်"

အခုလို အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုပြီးရလာဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အရင်ကထက် ပိုပြီး ကာကွယ် စောင့်ရှောက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မမြတ်စုက ပြောပါတယ်။

သမ္မတရဲ့အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေ ဆဲ ဖြစ်တာကြောင့် ကျေးလက်နေ ပြည်သူတွေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်းရဲမွဲတေမှုဟာ မြို့ပြဒေသတွေနဲ့ ကွာဟမှုတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် ဝင်ငွေကွာဟမှု ကြီးမားနေ တာကြောင့် ဆင်းရဲသားတွေရဲ့ လူမှုဖူလုံရေးအတွက် အားလုံး လက်တွဲ လုပ်ဆောင်မှ ရမယ့်အခြေအနေ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွား ပါတယ်။

ဒီညီလာခံကို အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute နဲ့ ကုလသမဂ္ဂ လက်အောက် UNICEF တို့က ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အစိုးရ ဝန်ကြီးဌာန ပေါင်းစုံက တာဝန်ရှိသူတွေ အပြင် လူမှုအဖွဲ့ အစည်း ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။