ရေကြည်အိုင်စခန်းရောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဆုတ် ပိုးဝင်

ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
2021.08.26

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း မင်္ဂလာဒုံရေကြည်အိုင် စစ်ထောက်လှမ်းရေး စခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကျန်းမာရေး အထူး ဆိုးဝါးနေတယ်လို့ စစ်တပ်အသိုင်းအဝန်းက RFA ကို ပြောပါတယ်။ ဦးဖြိုးမင်းသိန်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် ဇူလိုင်လအတွင်းမှာ ရေကြည်အိုင်ကနေ မင်္ဂလာဒုံမှာ ရှိတဲ့ စစ်တပ် အသည်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပြီးနောက် သက်သာပြီဆိုပြီး သူနဲ့အတူ ဖမ်းဆီးထားတဲ့ သူ့ဇနီး ဒေါ်ခင်မိမိကြွယ်နဲ့အတူ ရေကြည်အိုင်ကို မကြာခင်က ပြန်ပို့ခဲ့တာပါ။ အင်္ဂါနေ့ကတော့ ဦးဖြိုးမင်းသိန်း သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု Oxygen Level ၇ဝ အထိ ကျဆင်းသွားတဲ့အတွက် အခုအချိန်အထိ အရေးပေါ် အောက်ဆီဂျင်စက်နဲ့ အသက်ရှူနေရတယ်လို့ သိရပါတယ်။

သာမန်လူတစ်ဦးရဲ့ အောက်ဆီဂျင်အဆင့်က ၉၅ ကနေ ၁ဝဝ အတွင်းဖြစ်ပါတယ်။ မနေ့က ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အဆုတ်မှာပိုးဝင်တဲ့ Lung infection ဒဏ်ခံစားနေရကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ဒီအတောအတွင်းမှာပဲ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဒေါ်ခင်စန္ဒာဝင်းနဲ့ သားဖြစ်သူ မောင်စံနိုင်လင်းတို့ကို မနေ့မနက်က ထောင်ဝင်စာပစ္စည်း သွားရောက်ပို့ဆောင်ချိန်မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

နေ့လည်ပိုင်းမှာတော့ အသက် ကိုးနှစ်ရှိတဲ့ မောင်စံနိုင်လင်း ကိုဆွေမျိုး မိသားစုတွေထံ စစ်တပ်က ပြန်လာပို့ သွားပါတယ်။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နည်းတူ ရေကြည်အိုင်ထောက်လှမ်းရေးစခန်းမှာ ဖမ်းဆီးထားတယ်လို့ ယူဆရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့က စာရေးဆရာ မုံရွာအောင်ရှင်ရဲ့ ဇနီး ဒေါ်ကေသွယ်မိုးကလည်း သူ့ခင်ပွန်းနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာမှ မသိရတဲ့အတွက် စိတ်ပူ နေရကြောင်း၊ အင်းစိန်ထောင်မှာ ရှိတယ်လို့ သတင်းကြားလို့ ပြီးခဲ့တဲ့ မတ်လက သွားရောက်ပြီး ထောင်ဝင်စာ ပေးဖို့ ကြိုးစားခဲ့ကြောင်း RFA ကိုပြောပါတယ်။

“ပါဆယ်ကို ၈ ရက်နေ့မှာ သွားပို့တော့ ညနေ ၆ နာရီလောက်ကျတော့ အင်းစိန်ထောင်က ဆက်တာပါတဲ့။ ဦးအောင်ရှင် အင်းစိန်ထောင်မှာမရှိဘူး ပါဆယ်ပြန်လာယူပါဆိုပြီး ဖုန်းဆက်ရော၊ အဲဒီတော့ စိတ်ပူရပြန် ရော၊ နောက်အင်းစိန်မှာ ရောက်နေပြီဆိုပြီး မိတ်ဆွေတစ်ယောက်က ပြောပြန်ရော၊ ပြောတော့ မတ် ၁၉ ရက်နေ့မှာ သေသေချာချာ ကြော်လှော်ပြီး ပြည့်စုံအောင်ဝယ်ခြမ်း သွားပို့လိုက်ရော။ မတ်လ ၂၄ ရက်နေ့ ကျတော့မှ တစ်ခါ အင်းစိန်က ဆက်တာပါတဲ့ ဦးအောင်ရှင်မရှိဘူး ပစ္စည်းတွေ လာပြန်ယူပါတဲ့၊ ကျမ ပို့ထားတာ ကြာလှပြီ ၃-၄ ရက် ရှိသွားပြီဆိုတော့ ကျနော်တို့ကလည်း သေချာအောင်ရှာရတယ် တာဝန် ရှိလို့တဲ့။ အဲဒီတော့ CEC တွေပဲ အင်းစိန်ထောင်မှာရှိပြီး ပုဒ်မတွေတပ် တရားတွေစွဲလို့ ရှေ့နေတွေက ရုံးချိန်းတွေသွားတယ် အဲဒီ CEC နဲ့ ရှေ့နေတွေနဲ့တော့ တွေ့ရတယ် မိသားစုနဲ့တော့ မတွေ့ရဘူး။ ကျမကတော့ ဆရာ ဘယ်မှာရှိမှန်းလည်း မသိရ တွေ့ခွင့်လည်းမရဘူး။”

အခုလို သူ့ခင်ပွန်း ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းကို ဆက်သွယ် တင်ပြခဲ့ရာမှာလည်း အကျဉ်းထောင်တွေထဲမှာ မရှိဘူးလို့ပဲ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“ဇွန်လဆန်းက ဖြစ်မယ် ဦးအောင်ရှင်ရဲ့ စာရင်းကို ကျမတို့ နီးစပ်ရာအကျဉ်းထောင်တွေမှာ ပို့တယ်၊ ပို့တော့ မရှိဘူးလို့ သတင်းပြန်တယ်၊ အဲဒီတော့ လွတ်လာပြီလားတဲ့၊ မလွတ်သေးပါဘူးဆိုတော့ အော် ဟုတ်လား ဘယ်လိုလွဲနေလဲ မသိဘူးတဲ့။ တချို့ဆိုရင် စာရင်းကို သွားပို့လို့ မရှိရင် အကျဉ်းထောင်က လွတ်တယ်ပေါ့။ ကျမတို့က သေချာအောင် ထပ်မေးတာပါတဲ့၊ အဲလိုဆို မလွတ်လာသေးရင် စာရင်းထပ်ပို့မလို့ မိသားစုကို အကြောင်းကြားတာပါတဲ့။”

ဆရာ မုံရွာအောင်ရှင်မှာ ရင်ကျပ်ရောဂါရှိတဲ့အတွက် ဆေးဝါးပေးခွင့်တော့ ရရှိသင့်ပါတယ်လို့လည်း ဒေါ်ကေသွယ်မိုးက ပြောပါတယ်။

“ဆရာက ငယ်ငယ်ကတည်းက ရင်ကျပ်ရောဂါရှိတာ။ ဗင်တိုလင် ရှူဆေးဆောင်ထားရတ။ အဲဒီ ဗင်တိုလင် ကို အိပ်ယာထဲမှာ တစ်ဘူး၊ သူသွားလေရာမှာ တဘူး အမြဲဆောင်ထား ရတယ်။ အဲဒါမရှိလို့ မဖြစ်ဖူး။ လူချင်းတွေ့လို့ရရင် တွေ့ချင်ပါတယ်။ အဲလို လူချင်း မတွေ့ရရင်တောင်မှ ဆရာအမြဲသုံးနေတဲ့ ဆေးတွေ ပေးချင်ပါတယ်။”

အခုလို နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတာတွေဟာ လူ့အခွင့်အရေးတွေကို စစ်ကောင်စီက လုံးဝ ဥပက္ခာပြုလိုက်ပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က RFA ကိုပြောပါတယ်။

“ကျောင်းဆရာတစ်ယောက်ကို ညကဖမ်းသွားပြီး မနက်ကျ ကိုဗစ်နဲ့ ဆုံးတယ်ဆိုပြီး အလောင်းပြန်ပို့တယ်၊ ခုက သူတို့မှာ အကြောင်းပြစရာတစ်ခု ရလာပြီ၊ အဲလိုပဲဖမ်းသွားပြီး ကိုဗစ်နဲ့ဆုံးတယ်ဆိုပြီး အကြောင်းပြ တဲ့နည်းက တဖြည်းဖြည်း များလာပြီ။ ယောင်္ကျားကို ထောင်ဝင်စာ သွားတွေ့တဲ့ ကလေးရော မိန်းမရော ဖမ်းထားတယ်ဆိုတဲ့ကိစ္စ၊ နောက် ဖြိုးမင်းသိန်းကိစ္စမှာ သူ့ မိန်းမက ဘာဆိုင်လို့ဖမ်းရတာလဲ၊ နောက်ပြီး အဖေ မမိလို့ သားကိုဖမ်းတယ်၊ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်ရုံတင်မကဘူး ဥပဒေနဲ့ မညီတော့ဘူး။ ဒီနိုင်ငံမှာ ဥပဒေက မရှိတော့ဘူး ဂရုလဲ မစိုက်တော့ဘူး။ မင်းတို့ ဘာလုပ်မလဲ လုပ်လေ မင်းတို့လုပ်ရင် ထပ်လုပ်တယ်ဆိုတာမျိုး ဖြစ်နေတယ်။ ဦးစည်သူအောင်မြင့်ဆို သတင်းစာသမားတစ်ယောက် အခု ဖမ်းထားတဲ့ ပုဒ်မက ၁၂၄ (က) တစ်သက်တစ်ကျွန်းချနိုင်တဲ့ပုဒ်မ၊ သူ အကောင်းပကတိအတိုင်း ပြန်ထွက်လာနိုင်ပါ့မလား၊ စာနယ်ဇင်းသမားတစ်ယောက်ကို အဲလိုမ လုပ်သင့်ဘူးလို့ မှတ်ချက်ပေးချင် ပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ ဖမ်းဆီးခံနေရသူ ၆ဝဝဝ နီးပါးရှိပြီး သတ်ဖြတ်ခံရသူ ၁ဝဝဝ ကျော်ရှိပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။