ဒေါ်အောင်ဆန်းစုကြည် အဂတိမှုစွဲချက် နှစ်ဖက်လျှောက်လဲ

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အဂတိအမှုနဲ့ပတ်သက်လို့ စွဲချက်တင် သင့်၊ မတင်သင့် ဒီနေ့မှာ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးခဲ့ပါတယ်။
လာမယ့် နောက်တစ်ပတ်ရုံးချိန်းမှာတော့ အဲဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင် သင့် တရားရုံးက အမိန့်ချမှာဖြစ်ပါတယ်။
ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေး မှူး ဦးရဲထက်ကို အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့စဉ်က ဦးဖြိုးမင်းသိန်း ပေးခဲ့တယ် ဆိုတဲ့ ရွှေနဲ့ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ထံကနေ သိမ်းဆည်းရ မိခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကိုပေးစရာ ဘာအကြောင်းမှ မရှိဘူး၊ ယူစရာအကြောင်းလည်း မရှိဘူး၊ ဒါတွေအား လုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်” လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။