ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု ဦးဖြိုးမင်းသိန်းနဲ့ ဇနီးကို ပြန်ခေါ်စစ်ဆေး

2022.03.07
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု ဦးဖြိုးမင်းသိန်းနဲ့ ဇနီးကို ပြန်ခေါ်စစ်ဆေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းနဲ့ ဇနီးကို ၂၀၁၈ ခုနှစ်က တွေ့ရစဥ်
Photo: RFA
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ အဂတိအမှုအတွက် မတ်လ ၇ ရက်နေ့ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဦးဖြိုးမင်းသိန်းနဲ့ ဇနီးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လ အကြားမှာ အမေရိကန်ဒေါ်လာခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရုံးချိန်းက စွဲချက်တင်ခံထားရတာ လည်းဖြစ်ပါတယ်။
 
ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေး မှူး ဦးရဲထက်၊ တရားလိုပြသက်သေတွေဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် အပါအဝင် ဦးမောင်မောင်ကြည်တို့ကို ပြန်ခေါ်သက်သေအဖြစ် အပြန်အလှန် စစ်မေးခဲ့ကြတာပါ။
 
အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ် ပြောဆိုခွင့် ပိတ်ပင်ထားတာကြောင့် ဒီနေ့ စစ်မေးချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
 
အမှုနဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့စဉ်ကတော့ ဦးဖြိုးမင်းသိန်း ပေးခဲ့ တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ထံကနေ သိမ်းဆည်း ရမိခဲ့တာမရှိဘူးလို့ ထွက်ဆိုထားပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း "ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကို ပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာအကြောင်းလည်း မရှိဘူး။ ဒါတွေ အားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်" လို့ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အမှုကို စွဲချက်တင်တဲ့ ရုံးချိန်းတုန်းကလည်း ဒေါ်အောင်ဆန်း စုကြည်က သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒီနေ့ ရုံးချိန်းကိုတော့ နောက်တစ်ပတ် တနင်္လာနေ့ မတ်လ ၁၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထား ပါတယ်။
 
ဒီနေ့ ရုံးချိန်းလာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။