ဒေါ်အောင်ဆန်းစုကြည် အဂတိအမှု အမိန့်ချမယ့်ရက် ထပ်ရွှေ့

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းဆီက ရွှေနဲ့ ဒေါ်လာတွေလက်ခံခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့အဂတိအမှုကို ဧပြီလ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် မနက်ဖြန် ဧပြီ ၂၇ ရက်ကို ထပ်မံ ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီအမှုအတွက် ဧပြီလ ၂၆ ရက် ဒီနေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ နေပြည်တော် အထူးတရားရုံး တရားသူကြီးက ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းမှာကတည်းက ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြော ဆိုခွင့် ပိတ်ပင်ထားတာကြောင့် အမိန့်ချမယ့်ရက်ကို ဘာကြောင့် ရွှေ့ဆိုင်း လိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ ခုနှစ် မတ်လအကြားမှာ အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို ဦးဖြိုးမင်းသိန်းက ပေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ် ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်နေ့က စစ်မေးခဲ့စဉ်က ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ထံကနေ သိမ်းဆည်းရမိခဲ့တာမရှိဘူးလို့ ထွက်ဆိုထားပါတယ်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း "ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကို ပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာအကြောင်းလည်း မရှိဘူး။ ဒါတွေ အားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်" လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အဲဒီအမှုကို စွဲချက်တင်ခဲ့တဲ့ ရုံးချိန်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ ရုံးချိန်းလာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေ တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံထားရ ပါတယ်။