ရခိုင်ဝန်ကြီးချုပ် ဦးညီပု မျက်စိဆေးကုသခွင့် အခုထိမရ
2023.04.25
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ မျက်စိရောဂါအတွက် ဆေးကုသခွင့် တောင်းဆိုထားတာ ရှစ်လကျော်ရှိနေပေမယ့် အခုအချိန်ထိ ခွင့်မပြုသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဦးညီပုဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကတည်းက ဘယ်ဖက်မျက်စိတစ်ဖက် တိမ်စွဲနေပြီး အမြင်အာရုံမရတော့လို့ အဲဒီအချိန်ကတည်းက ဦးညီပုကိုယ်တိုင် ဆေးကုသခွင့်ပြုဖို့ တောင်းဆိုထားတာပါ။
၂၀၂၃ ခုနှစ်၊ မတ်လအတွင်းကလည်း ရခိုင်ပြည်နယ် စစ်ကောင်စီကို ဆေးကုသခွင့်ပြုဖို့ စာတင်တောင်းဆိုထားပေမယ့် အကြောင်းပြန်တာမရှိသေးဘူးလို့ ဦးညီပုရဲ့သမီးဖြစ်သူ မကြည်ကြည်ဦးက RFA ကို ပြောပါတယ်။
“အဖေကိုယ်တိုင်လည်း တောင်းဆိုထားတယ်။ ကျနော်တို့ မိသားစုဝင်တွေလည်း ပြီးခဲ့တဲ့ လကတည်းက ရခိုင်ပြည်နယ် အစိုးရရုံးကို စာတင်ပြီးတောင်းဆိုထားတယ်။ ဘာမှ အကြောင်းမထူးသေးဘူး။ အခု အဖေက အကျဉ်းထောင်ကပေးတဲ့ မျက်စဉ်းဆေးရည်နဲ့ပဲ ဆေးကုနေရတာ။ ဒီအတိုင်းသာ ဆေးကုခွင့်မပေးရင် ရောဂါ ပိုဆိုးသွားလိမ့်မယ်။ အဲဒါကြောင့် အဖေ့ကို ဆေးကုသခွင့် အမြန်ဆုံးရစေချင်ပါတယ်”
ဦးညီပုကို မျက်စိရောဂါ ကုသခွင့်မပေးတဲ့အပေါ် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဦးညီပုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) စတဲ့ပုဒ်မတွေနဲ့ စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတာပါ။