တန့်ဆည်နဲ့ ကန့်ဘလူက ရွာနှစ်ရွာ မီးရှို့ခံနေရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နနွင်းတောရွာနဲ့ ကန့်ဘလူမြို့နယ် ဖို့ကုန်းရွာတွေကို စစ်ကောင်စီတပ်သားတွေ နိုဝင်ဘာလ ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ မီးရှို့နေတာကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ခင်ဦးမြို့နယ် မဒေါင်းလှရွာက ထွက်လာတဲ့ အင်အား ၇၀ နီးပါးပါ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ကန့်ဘလူမြို့ ဖို့ကုန်းရွာထဲဝင်ရောက်ပြီး နေအိမ်ခုနစ်လုံးနဲ့ စာသင်ကျောင်းဆောင်တစ်ခုကို မီးရှို့သွားတာလို့ ကန့်ဘလူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖို့ကုန်းရွာက အိမ်ခြေ ၁၂၀ ဝန်းကျင်လောက်တော့ရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့သွားတာ သိပ်တော့မများဘူး။ အခု ပြန်ထွက်သွားပြီ။ အရှေ့ဘက် သောက်ကန် ဘက်ရောက်နေပြီ။ ကျီစုရွာကိုလည်း ဒီမနက် မီးထပ်ရှို့နေတယ်”
ဒါ့အပြင် တန့်ဆည်မြို့နယ် နနွင်းတောရွာကိုလည်း အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ တန့်ဆည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
နနွင်းတောရွာကိုဝင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ကျွန်းလှမြို့နယ်၊ ခဝါသည်ရွာက နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ တန့်ဆည်ဒေသခံတွေက ပြောပါတယ်။
ဒေခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက ဘယ်တော့မှ မီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှ၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ရွာတွေကိုမီးရှို့နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံ သုံးသောင်းကျော်လာပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။