မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဦး လွတ်မြောက်
2019.07.31
ရက္ခိုင့်တပ်တော် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ အမှုရင်ဆိုင်နေရတဲ့ ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာသား နှစ်ဦးကို မြို့နယ်တရားရုံးက စွဲချက်မတင်ပဲ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်လောက်က ကြိမ်သာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA တို့ တိုက်ပွဲအပြီးမှာ ရွာသား ဦးစိန်သာကျော် နဲ့ ဦးမောင်စိန်ဦး တို့ကို တပ်မတော်က ဖမ်းဆီးကာ နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူး ပိုင်စိုးခိုင်က တရားလိုလုပ်ပြီး ရသေ့တောင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။
စွဲဆိုထားတဲ့ ပုဒ်မ ၁၇(၁) နဲ့ ငြိစွန်းမှုမရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်တာလို့ သူတို့ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို ပြောပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးဟာ အသက် ၆၀ ကျော်အရွယ်တွေဖြစ်ပြီး ၇လ ကျော် အချုပ်ကျခဲ့တာကြောင့် အခုချိန်မှာ ကျန်းမာရေး အားနည်းနေတယ်လို့လည်း ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ်တွေမှာ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ ယူဆချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ရာနဲ့ချီ ရှိနေပြီလို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
တပ်မတော်ဘက်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ ဇွန်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။