မိုဆိုရွာ မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်မှာ Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး
ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက်က အရပ်သားတွေ မီးရှို့အသတ်ခံရတဲ့ ဖြစ်စဉ်မှာ Save The Children က ဝန်ထမ်း နှစ်ယောက် ပျောက်ဆုံးနေတယ်လို့ Save The Children Myanmar က ထုတ်ပြန်ပါတယ်။
အဲဒီဝန်ထမ်းနှစ်ယောက်ဟာ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ တာဝန်ထမ်းဆောင်ပြီး ခရစ်စမတ် ပိတ်ရက်မှာ နေရပ်ပြန်ရင်း ဒီလိုတိုက်ခိုက်ခံရမှုမျိုး ကြုံတွေ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သူတို့ရဲ့ကားတစ်စီးဟာလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အတည်ပြုထားပါတယ်။ လူတွေ၊ ကားတွေ မီးရှို့ခံထားရတာ မီးကျွမ်းကုန်လို့ သေဆုံးသူတွေဟာ ဘယ်သူလဲဆိုတာ မခွဲခြားနိုင်တော့ပါဘူး။
ဖရူဆိုမြို့နယ်၊ မိုဆိုရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KA၊ KNDF နဲ့ PDF ပူးပေါင်းအဖွဲ့တို့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး ရွာသားတွေ တိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီထဲက ရွာသား ၃၀ ထက်မနည်းဟာ စစ်ကောင်စီတပ်နဲ့ လမ်းမှာတွေ့ပြီးနောက် အမျိုးသမီးတွေ၊ လူမမယ် ကလေးတွေပါ သေဆုံးခဲ့ရတယ်လို့ ကရင်နီလက်နက်ကိုင်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုထားပါတယ်။
ဒီဖြစ်ရပ်မှာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃၈ ဦး သေဆုံးခဲ့ရတဲ့အတွက် ပြစ်တင်ရှုတ်ချတယ်လို့ Save The Children က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖရူဆိုမြို့နယ်ထဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားတွေကို ရပ်တန့်စစ်ဆေးတဲ့အခါ ကားပေါ်ပါလာတဲ့ KNPP နဲ့ PDF အဖွဲ့တွေက ရပ်မပေးဘဲ လက်နက်ငယ်တွေ၊ ဗုံးတွေနဲ့ပစ်လို့၊ ပြန်လည် ပစ်ခတ် တိုက်ခိုက်ရတဲ့အကြောင်း၊ လက်နက်တွေ၊ ပြောက်ကျား ဝတ်စုံတွေနဲ့အတူ စားသောက်ကုန်တွေပါ တွေ့ရပြီး လူတွေကို အသေဖမ်းဆီးရမိတယ်လို့ ရေးသားထားပါတယ်။
ဒါပေမဲ့ ဘယ်နှစ်ယောက်ကို အသေဖမ်းမိတယ်ဆိုတာ ထည့်သွင်းဖော်ပြမထားသလို၊ မီးလောင် သေဆုံးတာ တွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူး။