ပုသိမ်နဲ့ အင်းစိန်ထောင်က နိုင်ငံရေး အကျဥ်းသားနှစ်ဦး အချိန်မီ ဆေးကုခွင့် မရတာကြောင့် သေဆုံး
2023.12.31
ရန်ကုန်တိုင်း၊ အင်းစိန် အကျဥ်းထောင်နဲ့ ဧရာဝတီတိုင်း၊ ပုသိမ် အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသားနှစ်ဦး အချိန်မီ ဆေးကုသခွင့် မရခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဒီဇင်ဘာလ ၃၀ ရက် မနက်အစောပိုင်းက အသက် ၃၀ အရွယ် သေဒဏ်ကျ နိုင်ငံရေးအကျဥ်းသား ကိုစံလင်းစံဟာ အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတယ်လို့ ကိုစံလင်းစံရဲ့ မိတ်ဆွေတစ်ဦးက RFA ကိုပြောပါတယ်။
“သူက ခေါင်းမှာ အရင်ကတည်းက ရေအိတ်တည်တဲ့ ရောဂါရှိတယ်။ အဲဒါ ခွဲကုထားတာ။ အခု အဖမ်းခံရပြီး ထောင်ကျသွားတော့ အဲဒီရောဂါက ပြန်ပေါ်လာတာ။ အဲဒါကို ဆေးကုသခွင့်မရတာ။ သေဒဏ်အမိန့်မချခင် ဖျာပုံမှာကတည်းက သူ့ခေါင်းက အခြေအနေ ဆိုးလာတာ”
သူ့ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုတွေ ထုတ်ခွင့်မရဘဲ အရိုးပြာကိုပဲ ထောင်အာဏာပိုင်တွေဘက်က ပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ကိုစံလင်းစံဟာ Black Dragon Force Pyapon အမည်ရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်ဖြစ်ပြီး သူ့ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ဖျာပုံ ခရိုင်တရားရုံးက လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) နဲ့ စွပ်စွဲကာ သေဒဏ်ချခဲ့ပြီး ပုသိမ် အကျဉ်းထောင်ကို ပို့လိုက်တာပါ။
ဒီဇင်ဘာ ၂၁ ရက်ကလည်း အင်းစိန်အကျဥ်းထောင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ချခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ငံရေး အကျဥ်းသူ မချယ်ရီဝင်းဟာ နေမကောင်းဖြစ်ရာကနေ အချိန်မီ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
မချယ်ရီဝင်းဟာ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အပြင်းအထန် ဖျားနာခဲ့ပြီး ဆေးကုသခွင့် တောင်းခဲ့ပေမယ့် ထောင်ပြင်ပဆေးရုံကို ထောင်အာဏာပိုင်ဘက်က ပို့ဆောင်ပေးတာ မရှိခဲ့ဘဲ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ထောင်ပြင်ပဆေးရုံကိုပို့ချိန် အချိန်မမီဘဲ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
အကျဥ်းထောင်တွေမှာ ထောင်ဝင်စာပို့ချိန် ဆေးဝါးပေးပို့ခွင့် ကန့်သတ်ခံရတာ၊ ထောင်တွင်း ဆေးဝါးတွေ ရက်လွန်တာ၊ ဆေးအလုံအလောက် မပေးတာတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အချိန်မီ ဆေးကုခွင့်မရဖြစ်ပြီး သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသား ၁၇ ဦးအထိ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်က ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၂၇၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။