ဖယ်ခုံမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

2022.02.23
ဖယ်ခုံမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ ၂၀၂၂၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကဖုကျေးရွာကို ကျရောက်တဲ့ လက်နက်ကြီးကျည်ကို တွေ့ရစဉ်
Photo: PDF Pekhon

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အခြေစိုက် အမှတ် (၄၂၂) တပ်ရင်းက ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက် ဖယ်ခုံမြို့နယ် ကဖုကျေးရွာဘက်ကို လက်နက်ကြီး ခြောက်ချက် လှမ်းပစ်ရာမှာ အသက် ၇၂ နှစ်အရွယ် ဦးအန်းဂျေလိုနဲ့ အသက် ၁၄ နှစ်အရွယ် မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ လှမ်းပစ်ရာမှာ အခုလို အရပ်သားတွေ ကို ထိခိုက်ခဲ့တာလို့ ဖယ်ခုံ PDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီက မြို့ထဲ နေရာယူထားတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ ပုံမှန်အတိုင်းဆို ဒီအတိုင်းပဲ ပစ်နေကြပါပဲ၊ အရပ်သားတွေ နေတဲ့နေရာကို။ သေဆုံး စာရင်းတော့ မကြားရသေးဘူး။ ထိခိုက်ဒဏ်ရာရတယ်လို့ပဲ ကြားတယ်"

ဒဏ်ရာတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မိုးဗြဲတိုက်ပွဲမှာလည်း လက်နက်ကြီးကြောင့် မိုးဗြဲဒေသခံ တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်အတွင်း အရပ်သား သေဆုံးသူ ၂၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၆ ဦးရှိတယ်လို့ ကရင်နီ လူမှုအသင်း အဖွဲ့ ကွန်ရက်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။