မင်းပြားက ရွှေကျင်ရွာအနီးမှာ တပ်အင်အား ၂၀၀ ကျော်ရှိနေ


2019.06.20
govt-army-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီး မိုင်းရယ်ဒေသအတွင်းမှာ ၂၀၁၈ ဇူလိုင် ၁၃ရက်နေ့က မြန်မာ့တပ်မတော် စစ်ကြောင်းများ ကင်းလှည့်နေစဉ်
Photo: Kan Thar/ RFA

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအပြင်မှာ တပ်မတော်က အင်အား ၂၀၀ ကျော်နဲ့ အခုလ ၁၈ ရက်နေ့ထဲက နေရာယူထားတဲ့အတွက် ရွာအပြင်ကို မထွက်ရဲဘဲ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၁၈ ရက်နေ့က ရွှေကျင်ကျေးရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်ခဲ့ပြီး မနေ့က တပ်မတော်သား ၃၀ လောက်ဟာ ရွာတွေအတွင်း ဝင်ရောက်ပြီး လူဦးရေစာရင်းစစ်ဆေးခဲ့ကြောင်းနဲ့ အဲဒီနောက်မှာတော့ ရွာအပြင်မှာ တပ်စခန်းချထားတယ်လို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးကပြောပါတယ်။

ရွာသူရွာသားတွေကို ရွာအပြင်မထွက်ရဘူးလို့ တပ်မတော်ဘက်က ပြောထားတာမရှိပေမယ့် ရွာသားတွေက ကြောက်ရွံနေကြလို့ ဒီနေ့မှာ ရွာအပြင်ကို ထွက်ရဲသူမရှိကြဘူးလို့ အမည်မဖော်လိုတဲ့ ရွာသား တစ်ဦးက ပြောပါတယ်။

ရွာနားမှာတော့ သူတို့ရှိတယ်လေ။ ရွာကို ဝိုင်းထားတာလို့လည်း ပြောလို့ရတယ်။ မဝိုင်းဘူးလို့လည်း ပြောလို့ရတယ်။ ရွာပြင်မှာ၊ ရွာရဲ့ အရှေ့ဘက် မြောက်ဘက်။ သူတို့ကတော့ စခန်းချထားတယ်လေ။ ရွာပြင်ကို မည်သည့်တယောက်မှ မသွားရဲပါဘူး။ သူတို့က ကန့်သတ်ချက်တွေမထားပေမယ့် ကျနော်တို့ရွာသားတွေက အပြင်ကို မထွက်ဝံ့ဘူး။ သူတို့က ထင်ချင်လည်းထင်မှာပါ။ ကျနော်တို့ရွာသားတွေက AA နဲ့ ဆက်စပ်မှုမရှိဘူး။

မနေ့က ရွာအတွင်း လူဦးရေတွေ စစ်ဆေးခဲ့ရာမှာ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း တပ်မတေ်ာက ရွာအတွင်း ဈေးဆိုင်တွေက ဆန်၊ဆီ၊ဆား ရိက္ခာတွေ ဝယ်ယူသွားတာရှိတယ်လို့ ပြောပါတယ်။

ရွှေကျင်ကျေးရွာမှာ နေထိုင်သူ ၁၉၀၀ ကျော်ရှိပြီး ၁၈ ရက်နေ့က လက်နက်ကြီး စတင်ကျရောက်ခဲ့ချိန်မှာ ကြောက်လန့်ပြီး အနီးနားကျေးရွာတွေကို လူဦးရေ ၄၀၀ ကျော် ထွက်ပြေးသွားပါတယ်။

လက်နက်ကြီးကျတဲ့နေ့က ရွှေကျင်ကျေးရွာကနေ ထွက်ပြေးသွားခဲ့သူ အမည်မဖော်လိုတဲ့ ရွှေကျင်ရွာသားတစ်ဦးက ရွာကို မပြန်ရဲတဲ့အကြောင်း အခုလို ပြောပါတယ်။

မိသားစုတွေနဲ့ ပြေးရတာပေါ့။ ကလေးတွေပါ အားလုံးပါတယ်။ သူတို့ရှိရင် ကျနော်တို့ မပြန်ဘူး ကြောက်တယ်။ လက်နက်ကြီး ကျလို့ ပြေးရပါတယ် အားလုံး။

ရွာသားတွေ စိုးရိမ်မှုတွေရှိနေတယ်ဆိုတဲ့အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ရွာသားတွေအနေနဲ့ ကြောက်စရာမလိုကြောင်း၊  ရွာနဲ့ ၃ ကီလိုမီတာ အကွာဝေးလောက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။

ကျနော်တို့က နယ်မြေရှင်းတယ်။ ပြီးရင်တခြားနေရာကိုသွားတယ်။ ပြီးရင် တခြားတနေရာကို ဆက်သွားတယ်။ အဲ့လိုပဲ ရှိနေခဲ့တာပဲ။ ရွာသူရွာသားတွေက ကြောက်လန့်နေတယ်ဆိုတဲ့အပေါ် ကျနော်တို့နားမလည်ဘူး။ သူတို့လုံခြုံရေးအတွက် ကျနော်တို့လာနေတဲ့ဟာကို ဘာဖြစ်လို့ ကြောက်သလဲတော့ မသိဘူးခင်ဗျ။ တစ်ဖက် အဖွဲ့အစည်းက ဘယ်လိုခြိမ်းခြောက်ထားလဲမသိဘူး။ နယ်မြေအေးချမ်းအောင်လာပြီးတော့ လုပ်ပေးတာလေ။ သူတို့ဘာ ကြံဖန်ပြီးတော့ကြောက်နေတာ။ ဘာမှကြောက်စရာမလိုဘူးနော်။

တဆက်တည်းမှာပဲ ရွာကို ဝိုင်းထားတာမဟုတ်ဘဲ AA ဘက်က အဲဒီအနီးတဝိုက်မှာ လှုပ်ရှားဆောင်ရွက်နေ တာတွေရှိတဲ့အတွက် ရွာနဲ့ မလှမ်းမကမ်းမှာ အစိုးရတပ်တွေရှိနေတာလို့ ပြောပါတယ်။

ရခိုင်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဇွန်လ ၁၈ ရက်နေ့ကစပြီး ဒီနေ့အထိ ရွှေကျင်ကျေးရွာအနီးတဝိုက်မှာ တပ်မတော် နဲ့ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ရွှေကျင်ရွာရဲ့ အရှေ့ဘက် ၂.၂ ကီလိုမီတာအကွာအဝေး တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ် ခဲ့တာရှိတယ်။ အဲဒီမှာ ကျနော်တို့ တပ်တွေနဲ့ နီးနီးကပ်ကပ်ရှိနေတာတွေရှိတယ်။ ဒီနေ့မှာ ဘာဖြစ်နေတယ်ဆိုတဲ့ အသေးစိတ်တော့ မသိသေးဘူး။ ဗမာစစ်တပ်က အဲဒီနေရာတဝိုက်မှာ အင်အားအလုံးအရင်း ထည့်ထားတာ နေရာယူထားတာရှိတယ်။ အဲတော့ အခြေအနေကတော့ အဲဒီ ဒေသထဲမှာ စစ်ရေးတင်မှာမှုကတော့ရှိတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ ၅၀၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။