ဖရူဆိုမှာ ဘုရားကျောင်းနှစ်ကျောင်း ဖျက်ဆီးခံရ

2022.06.16
ဖရူဆိုမှာ ဘုရားကျောင်းနှစ်ကျောင်း ဖျက်ဆီးခံရ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ​ဒေါ​ညေးခူ​ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုး​ကျောင်းကို တွေ့ရစဉ်
Photo: KNDF

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နဲ့ ၁၅ ရက်နေ့က ဘုရားကျောင်း နှစ်ကျောင်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ထီးပေါ်ဆိုကျေးရွာမှာရှိတဲ့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ပျက်စီးခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ကတော့ ဒေါညေးခူရွာက ကက်သလစ်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အရင်ရက်ကပဲ အနားက ဘုရားကျောင်းကို လက်နက်ကြီးကျလို့ ပျက်စီးသွားတာ မကြာသေးဘူး။ နောက် အခု ဒေါညေးခူရွာထဲက ဘုရားကျောင်းမီးရှို့ခံရတာပါပဲ"

ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရမှုဟာ ဒေါညေးခူကျေးရွာအတွင်းမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ လက်ချက်ဖြစ်ပြီး အဲဒီနေ့က နေအိမ်လေးလုံးပါ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ထီးပေါ်ဆိုကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာလည်း ဘုရားကျောင်းအပြင် နှစ်ခြင်းအသင်းတော်နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ဘယ်ဘာသာရေး အဆောက်အအုံကိုမှ ပစ်မှတ်ထားတိုက်ခိုက်တာ လုံးဝမရှိဘူးလို့ ဧပြီလ ၇ ရက်နေ့က RFA ကို တုံ့ပြန်ပြောဆိုထားပါတယ်။

ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာနဲ့ ဒေါညေးခူကျေးရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှာ မေလ ၃၁ ရက်နေ့အထိ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ဖျက်ဆီး ခံရတဲ့ ဘာသာရေးအဆောက်အအုံ ၂၀ အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။