ကချင်မှာ ဖမ်းဆီးခံ သင်းအုပ်ဆရာသုံးဦး လွတ်မြောက်ရေး ကြိုးပမ်းနေ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.09.07
ကချင်မှာ ဖမ်းဆီးခံ သင်းအုပ်ဆရာသုံးဦး လွတ်မြောက်ရေး ကြိုးပမ်းနေ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ၂၀၂၁ ဇွန် ၂၈ ရက်နေ့ ဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့စဉ်
Photo: KBC

ကချင်ပြည်နယ် နောင်မွန်မြို့မှာ ငြိမ်းချမ်းရေးဆုတောင်းပွဲလုပ်လို့ ဖမ်းဆီးထိန်းခံထားရတဲ့ ကချင်နှစ်ခြင်း အသင်းတော်က သင်းအုပ်ဆရာသုံးဦး ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်နဲ့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။

အသက် ၆၀ ကျော်ပြီဖြစ်ကြတဲ့ နှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဂူရှင်ဆင်ဆားရ်၊ ခရစ်တော်ရဲ့ အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဇာကွန်းထီန နဲ့ ရဝမ် နှစ်ခြင်းအသင်းတော်က သိက္ခာတော်ရ ဆရာတော် မန်ခူဒီး တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က နောင်မွန်မြို့ ရိုးရာယဉ်ကျေးမှု ခန်းမဆောင်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အထူးဆုတောင်းပွဲ လုပ်ခဲ့ကြတာပါ။

အဲဒီဆုတောင်းပွဲမှာ စစ်အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ဆုတောင်းစကား ပါဝင်နေလို့ဆိုပြီး ပူတာအိုမြို့နယ် ရဲစခန်းမှူးက တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ပုဒ်မ ၅၀၅ (က) အမှုဖွင့်တရားစွဲဆို ထားပါတယ်။

အဲဒီနောက် သင်းအုပ်ဆရာ သုံးဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကစလို ပူတာအိုခရိုင် နမ်ဟော့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတာ အခုဆိုရင် အချိန်နှစ်လကျော် ကြာနေပြီဖြစ်လို့ သူတို့သုံးဦး ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးစားနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် က RFA ကိုပြောပါတယ်။

“ကျွန်တော်တို့လည်း ကြိုးစားနေတယ်။ ရှေ့နေနဲ့လည်း ကြိုးစားနေတယ်။ ဒါပေမဲ့ ကျွန်တော်ရရှိတဲ့ သတင်းတွေကတော့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ သက်ဆိုင်တဲ့ ဘာသာရေးခေါင်းဆောင်တချို့နဲ့ တွေ့တယ်။ တွေ့တော့ အာမခံရဖို့တော့ သူတို့ပြောကြတယ်။ ဒါပေမဲ့ ဒီအာမခံကိစ္စက ဘယ်လို အခြေအနေရှိလဲတော့ မသိဘူး။ အချင်းချင်း တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ကိစ္စမို့လို့ အမှုရုပ်သိမ်းရင် ပြီးသွားနိုင်တယ်ဆိုတာကိုတော့ အကြံပြုခဲ့တာပေါ့။ နောက်တစ်ခုက အဲဒီတရားစွဲတဲ့ တရားလိုနဲ့ ညှိနှိုင်းပြီးမှ အမှုရုပ်သိမ်းဖို့ ကြိုးစားနေတယ်ဆိုတာလောက်ပဲ ကြားသိရတယ်”

အသက်အရွယ်ကြီးနေကြပြီဖြစ်တဲ့ ဘာသာရေးဆရာ သုံးဦး ထဲက ဆရာတော် မန်ခူဒီး ဟာ သွေးတိုး၊ ကျောက်ကပ်နဲ့ အစာအိမ်ရောဂါ ခံစားနေရသူဖြစ်ပြီး ဆရာတော် ဂူရှင်ဆင်ဆားရ် ဟာလည်း သိပ်မကြာခင် ကပဲ လေဖြတ်ထားတယ်လို့ နောင်မွန်မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကတော့ ပူတာအိုခရိုင်တရားရုံးမှာ သူတို့ကို ရုံးထုတ်ခဲ့တဲ့အခါ အကျိုးဆောင် ရှေ့နေက အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။

ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တရားရုံးတွေ ပြန်ဖွင့်တဲ့အခါ အာမခံအတွက် တရားရုံးကို အကျယ်တဝင့် လျှောက်လဲတင်ပြဖို့ စီစဉ်ထားတယ်လို့လည်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခွန်နောင်က ပြောပါတယ်။

“ရုံးထုတ်ပြီးပြီ၊ ရုံးထုတ်ပြီးလို့ တရားစွဲတင်တာပေါ့လေ။ တရားစွဲတင်တဲ့အခါမှာ ကျွန်တော်တို့က အာမခံလျှောက်ဖို့အတွက် လုပ်တယ်။ အဲဒီနေ့မှာကို အာမခံလျှောက်ပေမယ့် နောက်ရုံးချိန်းကျရင် အကျယ်တဝင့် လျှောက်ပါဆိုလို့ နောက်ရုံးချိန်မှာ လျှောက်ဖို့လုပ်တဲ့အခါမှာ ရုံးတွေကပိတ်တာ ဆက်သွားတဲ့အခါကျတော့ ဘာမှဆက်ပြီး မလုပ်နိုင်သေးဘူးပေါ့လေ။ အဲဒီလိုဖြစ်နေတယ်”

naungmong-prayer.jpg
မတ် ၃ ရက်နေ့က နောင်မွန်မြို့ မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အထူးဆုတောင်းပွဲ ကျင်းပစဉ်(Photo: CJ)

နောင်မွန်မြို့မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သင်းအုပ်ဆရာ သုံးဦး အရေးကို ကူညီဖို့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်း သုံးဖွဲ့ ပေါင်းပြီး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒီကော်မတီကလည်း အာမခံ လျှောက်ထားချက်ကို အထောက်အကူပြုနိုင်အောင် တရားရုံးကို အသနားခံစာ ရေးသားပေးပို့ဖို့ စီစဉ်နေတယ်လို့ နောင်မွန်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းက ဆရာ မရစ်ဒီက ပြောပါတယ်။

“လက်မှတ်ထိုးပြီးမှ တောင်းဆိုတာကတော့ အစပိုင်းမှာ အဲဒီလိုပဲ အစပိုင်းတော့ ကျွန်တော်တို့က စီစဉ်ထားတာတော့ ရှိတယ်။ နောက်ပိုင်းမှာ ကော်မတီ ဖွဲ့ခဲ့တယ်။ အသင်းတော်၊ အသင်းသားတွေ စုပြီးတော့။ ကော်မတီ ဖွဲ့ထားတာရှိတယ်။ သူတို့ဟာသူတို့လုပ်တော့ မသိဘူး။ အခုကျတော့ အပေါ်ကို တင်ပေးဖို့ အသနားခံစာတော့ ကော်မတီအနေနဲ့ ရေးထားလိုက်ပြီ ထင်တယ်။ အဲဒါပို့ပြီးနောက်မှာ ဘယ်လိုလာမလဲ မပြောတတ်ဘူး”

ငြိမ်းချမ်းရေး ဆုတောင်းခဲ့ကြတဲ့ ဘာသာရေးဆရာ သုံးဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ထားတဲ့ကိစ္စကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြစ်တင်ဝေဖန်ကြပါတယ်။

"ဒါကိုတောင်မှ ဖမ်းဆီးမှုဖြစ်နေခြင်းက စစ်ကောင်စီအနေနဲ့ ဘယ်လောက်အထိ သွေးရူးသွေးတန်းဖြစ်နေလဲဆိုတာ ဖော်ပြနေပါတယ်”

မြန်မာစစ်တပ်ဟာ အရင်ကတည်းက လူမျိုးတချို့၊ ဘာသာတချို့ကို ခွဲခြားဖိနှိပ်မှုတွေ ရှိခဲ့သလို အခု စစ်ကောင်စီလက်ထက်မှာလည်း သူတို့ကို ဆန့်ကျင်နေကြတဲ့ ဘယ်သူ့ကိုမဆို ပစ်မှတ်ထား လုပ်ဆောင် နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“ခရစ်ယာန်ဘုန်းကြီးတွေနဲ့ သင်းအုပ်ဆရာတွေ ဖမ်းခံရတာ သိပါတယ်။ ဒီဟာကို ကြည့်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့ စိုးရိမ်စိတ်တွေ များပြီးတော့ ဘယ်လိုမျိုးကိစ္စကိုမဆို သံသယနဲ့ ကြည့်မယ်။ တတ်နိုင်သဘောက် ဖြိုခွင်းမယ်ဆိုတဲ့ ကိစ္စမျိုးဖြစ်လာတယ်။ အမှန်တော့ ငြိမ်းချမ်းရေး ဆုတောင်းတာ ရာဇဝတ်မှုလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆုတောင်းတာ အကြမ်းဖက်မှုလည်း မဟုတ်ပါဘူး။ ဒါမျိုးဘာသာပေါင်းစုံ ဆုတောင်းတဲ့အရာက ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှုတွေ ကင်းစင်ရေး ဆုတောင်းတာ ဖြစ်တယ်။ ဒါကိုတောင်မှ ဖမ်းဆီးမှုဖြစ်နေခြင်းက စစ်ကောင်စီအနေနဲ့ ဘယ်လောက်အထိ သွေးရူးသွေးတန်းဖြစ်နေလဲဆိုတာ ဖော်ပြနေပါတယ်”

စစ်ကောင်စီက ဘာသာရေးဆရာတွေတင်မဟုတ်ဘဲ တခြားပြည်သူတွေကိုပါ အကြောင်းမဲ့ ပစ်ခတ်၊ ဖမ်းဆီးမှုတွေ ရှိနေတာဟာ လက်နက်အားကိုးနဲ့ အကြောက်တရား ထည့်သွင်းနေတာဖြစ်ပြီး လက်ရှိမှာတော့ ဒီနည်းလမ်းက ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပဲ ပိုပြီးအားကောင်းလာစေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဘာသာရေးဆရာ သုံးဦး ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေကြတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ဘာသာရေးဆရာ သုံးယောက် ပြန်လွတ်မြောက်ဖို့ နောင်မွန်မြို့က ခရစ်ယာန်ဘာသာဝင် ၂၀၀ လောက် ပြည်နယ်စစ်ကောင်စီကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါသေးတယ်။

သင်းအုပ်ဆရာ သုံးဦး ဖမ်းဆီးခံရပြီးမကြာခင်မှာပဲ ရဝမ်မဟာမိတ်အဖွဲ့ (Rvwang Alliance) နဲ့ လီဆူးအမျိုးသားအဖွဲ့အစည်း (Lisu National Organization) တို့ကလည်း ဆရာတော် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိ ချင်းပြည်နယ်၊ ကယားပြည်နယ် စတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်တာတွေ၊ စစ်ကောင်စီတပ်တွေ ဝင်ရောက် ဖျက်ဆီးတာတွေကြောင့် ဘာသာရေးအဆောက်အအုံတွေ ထိခိုက်၊ ပျက်စီးမှုတွေ ရှိနေပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကစလို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ရွှေညဝါဆရာတော် နဲ့ ကက်သလစ် ခရစ်ယာန်ဆရာတော် Fr. Columban La Di အပါအဝင် ဘာသာရေးဆရာအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။