တပ်မတော်က ကုန်စည်ကားတွေကို ပိတ်ထား


2016.09.30
kachin-truck-620.jpg မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ် ဒွန်ဘန်ရွာမှာ ရပ်ထားတဲ့ ကုန်တင်ကားကြီးများကို စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
.

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။

အဲဒီကုန်တင်ကားတွေဟာ အခြေခံစားသောက်ကုန်တွေပါတဲ့ ကားတွေဖြစ်တဲ့အကြောင်း အဲဒီနယ်မြေမှာ ကုန်စည်စီးဆင်းမှုတွေကို အခက်အခဲဖြစ်စေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဦးဝင်းဘို ကပြောပါတယ်။

ဒီကနေ့ ညနေ သုံးနာရီအထိ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားတွေဟာ ဒွန်ဘန်ရွာလယ် ဈေးဆိုင်တန်းတွေရှေ့မှာ ရပ်နားထားရတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့က ကုန်ကားတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

တုံမဏီ၊ ဒလူး၊ ဝမ်းပလာ စတဲ့ မှော်ရွာတွေနဲ့ ထိစပ်နေတဲ့ တနိုင်းဒေသဘက်မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ က လှုပ်ရှားနေတာဖြစ်ပါတယ်။

မြစ်ကြီးနားဘက်ကနေ အခြေခံစားကုန် ဆန်၊ ဆီ၊ ကုန်ခြောက်မျိုးစုံနဲ့ စက်သုံးဆီတွေကို ကုန်တင်ကားကြီးတွေနဲ့ တင်ပို့နေတာဖြစ်ပြီး တနိုင်းဒေသက ပြည်သူတွေနဲ့ ရွှေမှော်၊ ပယင်းမှော် လုပ်ကိုင်သူတွေဟာလည်း အဲဒီလမ်းကြောင်းကိုပဲ အဓိက သယ်ယူနေရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ မိုးကောင်း-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ဗန်းမော်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို စတဲ့ လမ်းကြောင်းတွေကို လုံခြုံရေးအခြေအနေအရ နှစ်ဖက်တပ်တွေက မကြာခဏပိတ်ထားလေ့ရှိပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။