မြန်မာနိုင်ငံသားတွေ စီးနင်းလိုက်ပါတဲ့ကား မလေးရှားမှာ တိမ်းမှောက်
2019.05.19

မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ပါတဲ့ကားတစ်စီးဟာ ဒီနေ့မနက်က တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးယောက်သေဆုံးခဲ့တယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
ထိုင်းနယ်စပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကိုသွားရာလမ်း ဘာတာဝတ်နဲ့ အီပွတ်မြို့ ကြားက မိုင်တိုင် ၁၀၉ နေရာမှာ ကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲက ခြောက်ဦးကို ဆေးရုံတင်ထားရပြီး တစ်ဦးကတော့စိုးရိမ်ရတယ်လို့ မလေးရှား အခြေစိုက် ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်းက ဦးစန်းဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီး လူမှုကူညီရေးအဖွဲ့တွေ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေ သွားရောက်ကူညီပေးနေတယ်လို့ သိရပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတွေဖြစ်ပြီး တရားမဝင်လမ်းကြောင်းကနေတဆင့် မလေးရှားနိုင်ငံကို ဝင်ရောက်လာတာလို့ သိရပါတယ်။
ဒါကြောင့် ကားပေါ်ပါလာသူတွေထဲက မြန်မာနိုင်ငံသား လေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။
ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။